ကရင်နီနှင့် ရှမ်းတောင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရဟု KNDF ထုတ်ပြန်

ကရင်နီနှင့် ရှမ်းတောင်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရဟု KNDF ထုတ်ပြန်
စက်တင်ဘာ 3, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်နှင့် ရှမ်းတောင်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ဩဂုတ်လအတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNDF က ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။

ဩဂုတ်လ (၁)ရက်နေ့မှစတင်ကာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး ဘောလခဲမြို့နယ်ထဲရှိ စစ်ကောင်စီ၏ စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။



 

ဖရူဆို၊ ဖားဆောင်းမြိုနယ်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြိုနယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။ 

 

ဩဂုတ်လ (၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်ကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း၊ ဒေါပိုးစီ၊ (၆)မိုင် စံပြကျေးရွာများတလျှောက်၌ တစ်လလုံးတိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများပြားခဲ့ပြီး ၎င်းတိုထံမှ ခဲယမ်းမီးကျောက်များ၊ ကျန်းမာရေးပစ္စည်းများနှင့် အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဘောလခဲမြို့နှင့် မယ်စလောင်းတောင်အကြားရှိ  စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းကိုလည်း ဩဂုတ်လ (၈)ရက်နေ့တွင်  KA၊ KNDF၊ KNPLF တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ အချို့ စခန်းအားစွန့်ခွာ၍ ဘောလခဲဖက်သို့ ထွက်ပြေးသွားသည်ဟု သိရသည်။

အဆိုပါစခန်းအတွင်းမှ စစ်ကောင်စီတပ်သား ရုပ်အလောင်း (၆)လောင်းနှင့်အတူ လက်နက်ငယ် (၇)လက်၊ 9MM ပစ္စတို (၁)လက် ၊ ငါးကြင်းမြီး (၁)လက်၊ (၈၁)မမ ပြောင်း (၁)ပြောင်းနှင့် ခဲယမ်းအသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဘောလခဲနှင့် ရွာသစ်အကြားရှိ ဝမ်မလန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 



 

ဖားဆောင်းမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ တပ်ရင်း(၂)ရင်းနှင့် ကာကင်းစခန်းများအား ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်များမှတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဩဂုတ်လအတွင်း ကရင်နီ-ရှမ်းတောင် နယ်စပ်ရှိ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်တိုတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များက လူနေကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးထိမှန်၍ နေအိမ် (၃)လုံး ပျက်စီးကာ ကလေးငယ် (၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး လှုပ်ရှားရာတွင် ပန်ကန်း၊ ဒေါပိုးစီ၊ (၆)မိုင် စံပြ ကျေးရွာများတစ်လျှောက်ရှိ နေအိမ် (၄၀)ကျော်အား မီးရှို့ဖျက်ဆီးသည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါမြေပြင်စစ်ရေး အခြေနေများကြောင့် အများပြည်သူများအနေဖြင့်  လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ်များအား အသုံးပြုသွားလာခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: KNDF