လားရှိုးမြို့ လေယာဉ်ခရီးစဉ်များဖျက်သိမ်း

လားရှိုးမြို့ လေယာဉ်ခရီးစဉ်များဖျက်သိမ်း
ဇူလိုင် 3, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲများပြင်းနေခြင်းကြောင့် လားရှိုးလေယာဉ်ခရီးစဉ်များအားလုံးကို ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့ကစတင် ရွှေ့ဆိုင်းလိုက်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများထံမှ သိရသည်။

လားရှိုးမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ Myanmar Airways International Mingalar Airline မှ ပျံသန်းပြေးဆွဲလျှက်ရှိသော လားရှိုးခရီးစဥ်များအား ယနေ့ ဇူလိုင် (၃)ရက်နေ့မှာ ခရီးစဥ်ဖျက်သိမ်းထားပါသည်ဟု Fly With Dream ပြည်တွင်းပြည်ပလေယာဉ်လက်မှတ် အရောင်းဌာနက ထုတ်ပြန်ထားသည်။

ခရီးသည်များအနေဖြင့် ဝယ်ယူထားသော လေကြောင်းလိုင်းနှင့် လက်မှတ်အရောင်းဌာနများထံသို့ ဆက်သွယ်ပြီး ခရီးစဉ်များအတွက် စုံစမ်းမေးမြန်းရန်လည်း အကြောင်းကြားထားသည်။

လားရှိုးမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ယနေ့နံနက်ပိုင်းတွင် မြို့တွင်းသို့ လက်နက်ကြီးကျကာ အရပ်သား(၇)ဦး သေဆုံးသည်ဟု သိရသည်။

လားရှိုးမြို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တစ်ညလုံး ပစ်ခတ်နေခြင်းကြောင့် ယနေ့ နံနက်ပိုင်းတွင် လားရှိုးတက္ကသိုလ်အနီး ရပ်ကွက် (၁)သာယာလမ်းရှိ နေအိမ်တစ်လုံးအတွင်းသို့ လက်နက်ကြီးကျကာ အရပ်သား (၆)ဦး သေဆုံးသည်ဟု သိရသည်။

နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်အပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသား (၂)ဦးဒဏ်ရာရရှိသည်ဟု သိရသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ညပိုင်းပိုင်းက စတင်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိုးမြို့အဝင်၊ အထွက်များကို စစ်ကောင်စီဘက်က ပိတ်ထားကြောင်း သိရသည်။

ဒေသခံများ စိုးရိမ်နေသည့် နမ္မဗောဓတံတားလည်း ကျိုးကျခြင်းမရှိဟု သိရသည်။

#TachileikNewsAgency