ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ အလုပ်သမားများကို တစ်လတာလွတ်လပ်စွာ နေထိုင်ခွင့်ပြု

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ အလုပ်သမားများကို တစ်လတာလွတ်လပ်စွာ နေထိုင်ခွင့်ပြု
ဒီဇင်ဘာ 2, 2024 | 2021 Military Coup

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူများကို တစ်လတာ လွတ်လပ်စွာ နေထိုင်ခွင့်ပြုသည်ဟု ထိုင်းအစိုးရဘက်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေကြသော မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအို  ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို ဆိုလိုခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၃၀)ရက်နေ့အထိ ခွင့်ပြုပေးထားခြင်းဖြစ်သည်။

“စာထုတ်တာက စာထုတ်တာပဲ။ ဖမ်းတာက ဖမ်းတာ သပ်သပ်ပဲဆိုတော့ နေထိုင်တာဆင်ခြင်ဖို့ သတိပေးချင်ပါတယ်။”ဟုရွှေ့ပြောင်းမြန်မာလုပ်သားအရေးလုပ်ဆောင်ပေးနေသည့် AAC မှ ကိုရဲမင်းက Tachileik News Agency ကို ပြောသည်။ 

ထိုသို့လုပ်ဆောင်ပေးသော်လည်း သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများရှိ အထောက်အထားမဲ့ အလုပ်သမားများ၏ အထောက်အထားများကို အလုပ်သမားရုံးကို ပို့ရပေးရမည်ဟု ထုတ်ပြန်စာတွင်ပါရှိသဖြင့် တရားမဝင်အလုပ်သမားဦးရေကိုလည်း ထိုင်းဘက်က စစ်တမ်းကောက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။ 

“နောက်တချက်က ပန်းရောင်ဘတ်တွေကိုလည်း လုပ်ပေးဖို့ခြေလှမ်းတာစတာပေါ့။”ဟု ကိုရဲမင်းက ဆက်ပြောသည်။ 

အဆိုပါ လွတ်လပ်စွာနေထိုင်ခွင့်ပြု‌ကြောင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး အနုထင် ချန်ဝီလကွန်တို့ လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ်သည်။ 

အမိန့်ထုတ်ချက်အရ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် PJ၊ PV၊ CI၊ စသည့် စာအုပ်များကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်းကုန်ဆုံးနေသူများနှင့် အထောက်အထား (လုံးဝ)မရှိသည့် အလုပ်သမားများအားလုံး အကြုံးဝင်သည်ဟု ပါရှိသည်။ 

“ဘတ်ရိုက်ဖို့ တစ်နှစ်လောက်စောင့်နေတာပါ။ ဘယ်မှ မသွားရဲ မလာရဲဘူး။ အခုဘတ်အသစ်လုပ်ပေးဖို့ အသံထွက်လာတော့ ပျော်တာပေါ့။ အလုပ်တွေကလည်း အထောက်အထားရှိမှဆိုတော့ ခက်ခဲနေတာမို့လို့ပါ။”ဟု ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်နေရသည့် မြန်မာနိုင်ငံသားများစွာရှိနေပြီး အလုပ်အကိုင်ရရှိရန် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ကြောင်း အထောက်အထားလို အပ်နေကြခြင်းဖြစ်သည်။

#TachileikNewsAgency