ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်( DPLA ) ထံမှ သိရသည်။

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲခန့်မှ စတင်ပြီး စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ဗုံးသီး (၃၁)လုံးကို အချိန် (၁)နာရီခန့်ကြာ ကြဲချတိုက်ခိုက်ခဲ့ပြီး ညနေ (၄)နာရီခန့်တွင် ဗုံးသီး (၂၅)လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်ဂူဒေသတွင် နေထိုင်သည့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၁)ဦး အပါအ၀င် စုစုပေါင်း ဒေသခံ (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသစောင့်ရှောက်ပေးထားကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် ( DPLA ) က ဆိုသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်မှ အရပ်သားများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး သာမက လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်လျှက်ရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် ( DPLA ) က အသိပေးထားသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်၏ စစ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:Danu People's Liberation Front - DPLF