ငွေကျပ်နှစ်သောင်းတန်ထုတ်မည်ဟု ကြေညာပြီးနောက် ရန်ကုန် ရွှေဈေးကွက် အရောင်းအဝယ်ရပ်ဆိုင်းပြီး ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါး ပိတ်ထားရ

ငွေကျပ်နှစ်သောင်းတန်ထုတ်မည်ဟု ကြေညာပြီးနောက် ရန်ကုန် ရွှေဈေးကွက် အရောင်းအဝယ်ရပ်ဆိုင်းပြီး ရန်ကုန်မြို့ရှိ ရွှေဆိုင်အားလုံးနီးပါး ပိတ်ထားရ

စစ်ကောင်စီက ငွေကျပ်နှစ်သောင်းတန် ထုတ်မည်ဟု ကြေညာပြီးနောက် ရန်ကုန် ရွှေဈေးကွက်မှာ အရောင်းအဝယ်ရပ်ဆိုင်းပြီး ရန်ကုန်မြို့ရှိ ရွှေဆိုင်များအားလုံးနီးပါး ပိတ်ထားရသည်ကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ ညနေပိုင်းအထိ တွေ့ရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့က ငွေကျပ်နှစ်သောင်းတန် ထုတ်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ရွှေစျေးကွက်တွင် အရောင်းအဝယ် ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုက အရောင်း ပိတ်လိုက်ကြသည်။

"မနေ့က ငွေစက္ကူနှစ်သောင်းတန် ထွက်မယ်ဆိုတော့ ဒီကနေ့ ရန်ကုန် လမ်းမတော်၊ လသာနဲ့ ပန်းဘဲတန်းဘက် အနော်ရထာလမ်းတလျှောက် ရွှေဆိုင်တော်တော်များများ ပိတ်ထားတယ်။ ရွှေစျေးက (၃၇)သိန်းကျော်တဲ့။ ကားတွေလဲမ တန်တဆစျေးတက် ရောင်းကားတော်တော်များများ အရောင်းပိတ်ထားတယ်။"ဟု ‌‌ရန်ကုန်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိတွင် ရွှေစျေးနှုန်းသည် ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင်(၃၃)သိန်း ဝန်းကျင်စျေးရှိခဲ့ပြီး ယနေ့ဇူလိုင်လ(၂၄)ရက် နေ့တွင် ပြင်ပပေါက်ဈေးမှာ(၃၇)သိန်းရှိနေသော်လည်း ‌ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကမူ (၂၃)သိန်းကျော်ဖြင့် အရောင်းပိတ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် ငွေစက္ကူထုတ်ဝေခြင်းနှင့်ပတ်သက်၍ ကောလဟာလများထုတ်လွှင့်၍ ကုန်ဈေးနှုန်း မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ရွှေဈေးတည်ငြိမ်မှုမရှိအောင် ရောင်းဝယ်ဆောင်ရွက်ခြင်း မပြုလုပ်ကြရန်၊ ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေကုန်သည်များ၊ ရွှေဆိုင်များက ပူးပေါင်းပါဝင်ပေးကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံအညွှန်း - ရန်ကုန်ရှိ ရွှေဆိုင် အားလုံးနီးပါး ပိတ်ထားရသည်ကို ဇူလိုင်လ(၂၄)ရက်နေ့ ညနေပိုင်းအထိ တွေ့ရစဉ်