စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ဆိုသူအား ၂၀၂၄ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉)က သတင်းထုတ်ပြန်သည်။
“မနေ့ကတုန်းက (၁၁)နာရီခွဲလောက်မှာ ဖမ်းမိတာ။ သူအပြင်ကိုထွက်လာတာကို သတင်းရလို့ ဖမ်းမိတာ။ သူအထိုင်ချထားတဲ့ စခန်းအရှေ့ဖက်မှာ ဖမ်းမိတာ။ ကျွန်တော်တို့က အဲဒီစခန်းကို ရိက္ခာဖြတ်ထားတာကြာပြီ။ နယ်ကျွံထွက်လာတဲ့သဘောပါ။ စစ်သုံ့ဥပဒေနဲ့အညီ သူ့ကိုဖမ်းဆီးထားပါတယ်။”ဟု ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။
ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ဆိုသူသည် ယခင်က မကွေးတိုင်း ဂန့်ဂေါခရိုင် ကျောဒေသ ကပစ တပ်ဖွဲ့မှ ပုလဲမြို့နယ်သို့ပြောင်းလာသူဖြစ်ပြီး ၎င်းပြောင်းလာသည်မှာ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းကဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency