၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကား (၂၅)စီးပါ ယာဉ်တန်းအနက် (၄)စီးမြောက် တွဲကားအား ဇူလိုင်လ (၈)ရက် မနက် (၉)နာရီခန့်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်း တိုးဂိတ်အနီး၌ ပဒေသာမိုင်း (၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် တွဲကားခေါင်းခန်းအား ထိမှန်ခဲ့ပြီး ကားမှန်များကြေမွ၍ နေရာတွင်ပင်ရပ်တန့်သွားခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း People's Defence Force - South Monywa မှ ဆိုသည်။

ဇူလိုင်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်တွင် စစ်ကိုင်းမှထွက်လာသည့် စစ်ကောင်စီကြေးနီတင်တွဲကား (၉)စီးပါ ယာဉ်တန်းအနက် (၆) စီးမြောက်လိုက်ပါလာသည့် တွဲကားအား ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် လမ်းဘေးဝဲယာ၌ နင်းမိုင်းများထောင်ထားပြီး နောက်ကျန်ကားများမှာလည်း ပြည်သူ့ကားများဖြင့် တွဲလျက်လိုက်ပါလာသည့်အတွက် Mission အား ဖျက်သိမ်းခဲ့ပြီး နောက်ဆက်တွဲအခြေအနေများအား စုံစမ်းနေကြောင်း People's Defence Force - South Monywa မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa ၊ Youth Vigor Revolution Force ၊ Black Hunter People's Task Force ၊ နွေဦးလူငယ် People's Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Myinmu Local Defence Force ၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency