ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိ

ကော်သူးလေအုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၃)လုံး ပျက်စီးကြောင်း KNU ဗဟိုက သြဂုတ်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ သြဂုတ်လ (၁၀) ရက်နေ့ ည (၈) နာရီခွဲခန့်တွင် လက်နက်ကြီး (၁) လုံးပစ်ခတ်ရာ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး ငါးရှာနေသည့် ဒေသခံတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၅)ရက်နေ့ နံနက် (၉)နာရီခန့်တွင် စစ်ကောင်စီတပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်စခန်းမှ လက်နက်ကြီး (၁)လုံးပစ်ခတ်ရာ ကရဝေးဆိပ်ရွာစာသင်ကျောင်းဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ကော့ကရိတ် မြို့နယ်အတွင်း စစ်ကောင်စီတပ် စွယ်တော်ကုန်း တပ်စခန်းမှ (၈၁)မမ လက်နက်ကြီး (၁)လုံးကို ဩဂုတ်လ (၉)ရက်နေ့ ညနေပိုင်းတွင် ထီးမူးထကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကလေးငယ် (၁)ဦး သေဆုံးပြီး ကလေးငယ် (၂)ဦး အပါအဝင် ပြည်သူလူထု (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ မနက် (၁၀)နာရီခန့်တွင် ကျိုက်ထို မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ (ခမရ-၄၁၀) တပ်ရင်းမှူး-ဒုဗိုလ်မှူးကြီး နေဝင်းစိုး၊ ဒုတပ်ရင်းမှူး ဗိုလ်မှူးမျိုးဇော်ထွန်း၊ ဒုစစ်ကြောင်းမှူး ဗိုလ်မှူး ဖြိုးဝေလွင်တို့ဦးစီးသော တပ်ဖွဲ့ဝင်များမှ ကျောက်တန်းလေးရွာရှိ နေအိမ် (၂)လုံးအား အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဒေသခံ (၁,၂၄၄,၄၁၅)ဦး အခက်အခဲများစွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU