လားရှိုးမြို့ရှိ မူလအစိုးရဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ရန် MNDAA ဖိတ်ခေါ်

လားရှိုးမြို့ရှိ မူလအစိုးရဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ရန် MNDAA ဖိတ်ခေါ်
ဇူလိုင် 26, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်အပိုင်း လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းထားပြီး မူလအစိုးရဝန်ထမ်းများကို လုပ်ငန်းတာဝန်များ ပြန်လည်လာရောက်ထမ်းဆောင်ရန် ဖိတ်ခေါ်သည့် ထုတ်ပြန်ချက် MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။

လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီကိုတည်ထောင်လိုက်ပြီး မြို့နယ်အုပ်ချုပ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းကို တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကာ မူလက လားရှိုးမြို့ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုများအနေဖြင့် လုပ်ငန်းတာဝန်များကို ပြန်လည်လာရောက်ထမ်းဆောင်ကြရန် ထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်အမျိုးသားလူမှုရေးအဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်တီ၏ လုပ်ငန်းကော်မတီကို ကူညီပံ့ပိုးပေးကြရန်တိုက်တွန်းသည်ဟုလည်း ထုတ်ပြန်ထားသည်။

MNDAA တပ်ဖွဲ့ဝင်များသည် ရာထူးကိုအလွဲသုံးစားလုပ်ပြီး အရပ်သားများ၏ အကျိုးအမြတ်ကိုလုယူခြင်း၊ အရပ်သားများ၏ စည်းစိမ်ဥစ္စာများကိုသိမ်းယူခြင်းများ ကျူးလွန်ပါက ပြင်းထန်စွာအရေးယူမည်ဟု ဆိုသည်။

အရပ်သားများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်နေရာချခြင်းကို စိုးရိမ်ထိတ်လန့်စရာမလိုကြောင်း၊ ဆိုင်ခန်းများအနေဖြင့် ဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်တင်ခြင်းကို ကန့်ကွက်ကြောင်းနှင့် မူလနေထိုင်ရေးစနစ်ကို အမြန်ဆုံးပြန်လည်တည်ဆောက်ကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: The Kokang