သံတွဲမြို့တွင်တိုက်ပွဲပြင်းထန်နေပြီး ရွာများကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် နေအိမ်များပျက်စီး

သံတွဲမြို့တွင်တိုက်ပွဲပြင်းထန်နေပြီး ရွာများကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် နေအိမ်များပျက်စီး

ရခိုင်ပြည်နယ် သံတွဲမြို့ ကျောက်ကြီးပြင်ရွာအနီးတွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၄)ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့သည် ကျောက်ကြီးပြင်အနီး ကျောက်ကာတောင်နှင့် ပျို့ချောင်းကြား၌ တိုက်ပွဲဖြစ်‌နေပြီး အနီးရှိကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

"သံတွဲ-ကင်းမော်လမ်းတဘက်က ကျောက်ကြီးပြင်ရွာပေါ့။ ကင်းမော်ကနေဆက်သွားရင် ဆင်ခေါင်းရွာဘက်‌ပေါ့။ ဆင်ခေါင်းရွာကို ဗုံးကြဲတဲ့လေယာဉ်က ကျောက်ကြီးပြင်ဘက်ထပ်ပတ်နေတာ။ လက်နက်ကြီးနဲ့လည်း အဆက်မပြတ်ပစ်နေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း ဂေါ့ရွာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျောက်ကြီးပြင်ဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု သိရသည်။

"ဂေါ့ဘက်က တိုက်ပွဲဖြစ်သံမကြား။ လက်နက်ကြီးနဲ့ ပစ်နေတာတော့ကြားရတယ်။ ဆက်တိုက်ပစ်နေတာပဲ။ ဘယ်ကိုပစ်တယ်ဆိုတာ မသိရဘူး။ မော်ရွှေလေးမှာရှိတဲ့ ရေတပ်စခန်းကနေ ခလရ (၅၅)ကို သင်္ဘောနဲ့ အင်အားဖြည့်တယ်။ ပြီးတော့ သင်္ဘောနဲ့ ဘယ်ကိုဆက်ထွက်သွားတယ် မသိရဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့နှင့် (၄)မိုင်ခန့်ဝေးသည့် ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က လေကြောင်း၊ နေဗီနှင့် ဂေါ့အမြောက်တပ်စွဲ ထားသည့်နေရာတို့မှ လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဒေသခံ ကလေးမိခင်တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆင်ခေါင်းရွာ မော်ဖျားကို ပစ်ခတ်ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရကာ နေအိမ်အများအပြား ပျက်စီးသွားသည်။

"ညနေ(၄)နာရီမှာ ဆင်ခေါင်းရွာ ရခိုင်စုဖက်ကို တိုက်လေယာဉ်နဲ့ ပေါင်(၅၀၀)ဗုံး (၃)ကြိမ်ကြဲတယ်။ ကုန်းပေါ်နဲ့ စစ်သင်္ဘောကပါ

လက်နက်ကြီးနဲ့ ပစ်နေတာ။ ဒေသခံတွေလည်း ထွက်ပြေးရတယ်။ ဗုံးမှန်တာ ဦးလေးက ဗိုက်ဗုံးစမှန်တယ်။ သူ့မိန်းမက နောက်စေ့ဒဏ်ရာရတယ်။ အိမ်ကနောက်ဘေးတစ်ခုလုံးပြိုကျသွားတယ်။ ဘေးအိမ်က ကျောင်းဆရာမတစ်ဦး လက်ပြတ်၊ ခြေပြတ် သွားတယ်။ ဒေသခံတွေကတော့ ပြေးကြရတာပေါ့။"ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲ-တောင်ကုတ်လမ်းရှိ ရွှေလှေတိုက်နယ်တွင် ပြီးခဲ့သည့်မေလ (၁၃)ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက ဆင်ခေါင်း-သံတွဲသွား ရေလမ်းကြောင်းကို ပိတ်ထားခြင်းဖြစ်သည်။

#TachileikNewsAgency