တိုက်ပွဲငြိမ်နေသည့် သံတွဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ၁၀ လုံးပစ်ခတ်

တိုက်ပွဲငြိမ်နေသည့် သံတွဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ၁၀ လုံးပစ်ခတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲမဖြစ်တော့ဘဲ ငြိမ်နေသည့် သံတွဲမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၁)ရက်နေ့ ညပိုင်းက လက်နက်ကြီး(၇)လုံးနှင့် ယနေ့ ဇွန်လ (၂)ရက်နေ့တွင် (၃)လုံး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

"ခမရ(၅၆၆)တပ်ဘက်နေပစ်တာ။ ဘယ်ကိုကျလဲတော့ မသိရဘူး။ ဝါးနွယ်ပြင်နဲ့ မြုံချောင်ကြားကို ကျတာလို့ကြားတယ်။ လင်းသီ၊ အလယ်ရွာဘက် ကျတယ်လို့လည်းသိရတယ်။ အသေးစိတ်ကို‌တော့ မသိရဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သံတွဲမြို့နှင့် မိုင်(၂၀)ဝန်းကျင်ဝေးသည့် ရွှေလှေတိုက်နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့ကစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မေလ (၂၃)ရက်နေ့တွင် တိုက်ပွဲများ ငြိမ်သက်သွားခြင်းဖြစ်သည်။

"မနေ့ညက လက်နက်ကြီး(၇)လုံးပစ်တယ်။ ဒီမနက်(၃)လုံးပစ်တယ်။ လေယာဉ်တွေလည်း သံတွဲမြို့ပေါ်ကနေဖြတ်ပျံနေတာပဲ။ တိုက်ပွဲမဖြစ်ဘဲပစ်နေ‌တာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မှိုဟင်းပြင်ရွာရှိ ခမရ(၅၆၆)တပ်မှလည်းကောင်း၊ သံတွဲမြို့အထွက်ရှိ ဘားတောင်းတောင်မှလည်းကောင်း လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency