ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်းသာ ကျန်ရှိသည့် ခမရ (၅၅၀)တပ်ကို ရက္ခိုင်တပ်တော် က အပြီးအပိုင် သိမ်းပိုက်

ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်းသာ ကျန်ရှိသည့် ခမရ (၅၅၀)တပ်ကို ရက္ခိုင်တပ်တော် က အပြီးအပိုင် သိမ်းပိုက်

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့တွင် ရက္ခိုင်တပ်တော်(AA)မှ သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်ရှိသည့် အာဏာသိမ်း စစ်ကောင်စီတပ်၏ အမှတ်(၅၅၀)ခြေမြန်တပ်ရင်းကို မတ်လ(၄)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်သလို ပုဏ္ဏားကျွန်းမြို့ကိုလည်း အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က သတင်းထုတ်ပြန်လာသည်။

ရက္ခိုင်တပ်တော်(AA)က စစ်ကောင်စီတပ်သားများအနေဖြင့် မိမိအသက်နှင့် မိမိလက်အောက်ရှိ စစ်သည်၊ စစ်သည်မိသားစုများ အသက်ဘေးက ကင်းပြီး ငြိမ်းချမ်းစွာ နေထိုင်လိုပါက လက်နက်ချ အညံ့ခံရန် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း စစ်ကောင်စီတပ်သားများမှာ လက်နက်မချ၍ AA က စစ်ရေးပစ်မှတ်များအတိုင်း  တပ်စခန်းများကို တစ်ရက်မျှ မရပ်နားဘဲ ထိုးစစ်ဆင် တိုက်ခဲ့ သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်က ရသေ့တောင် - ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ် မှ  ညနေ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက် တိုက်ခိုက်ဖျက်စီးခဲ့ကြောင်း AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ခမရ(၅၅၀) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေရာမှ ၂၀၂၄ခုနှစ်  မတ်လ(၄)ရက်နေ့တွင် သိမ်းပိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်သည် ခမရ(၅၅၀)တပ်ရင်း မကျရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံကာကွယ်သော်လည်း အရှုံးနှင့်ရင်ဆိုင်လိုက်ရပြီး လက်လွတ်အရှုံးပေးခဲ့ရခြင်းဖြစ်သည်။