စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား (၆၀၀)ဦးခန့်ကို လွှတ်ပေးကြောင်း ထုတ်ပြန်ချက် မြေပြင်နှင့်ကွဲလွဲနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟုဆိုကာ အကျဉ်းသား (၅၈၆၄)ဦး လွှတ်ပေးခဲ့ပြီး ၅၀၅ ပုဒ်မ နိုင်ငံရေးအကျဉ်းသား (၆၀၀)ဦးခန့် ပါဝင်သည်ဟု ပြောဆိုထားသော်လည်း မြေပြင်နှင့်ကွဲလွဲနေသည်ဟု ဆိုသည်။
“မြေပြင်မှာ လွတ်တဲ့စာရင်းက ကောက်ယူရခက်တယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း ခက်ခက်ခဲခဲနဲ့ ကောက်ယူထားတာဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူတွေ မြေပြင်မှာ လက်တွေ့စီစစ်ဖို့ခက်ခဲတဲ့အခြေအနေမျိုးကို အခွင့်ကောင်းယူပြီးမှ ထုတ်ပြန်တယ်လို့ မြင်တယ်။ ဒါအပြင် နိုင်ငံရေးအကျဉ်းသားမပါဘူးဆိုတဲ့ နိုင်ငံတကာရဲ့ အမြင်ကို ကာကွယ်ဖို့အတွက်လည်းပေါ့ ဝန်ကြီးချုပ်တစ်ဦးကိုလည်း လွှတ်ပြတယ်ပေါ့နော်။ နိုင်ငံရေးပုဒ်မ ၆၀၀ ဦးခန့် ပါတယ်ဆိုပြီးမှလည်း နိုင်ငံရေးအကျဉ်းသားပါတယ်ဆိုတာကို နိုင်ငံတကာကို သိစေချင်တဲ့အတွက် ပြီးတော့ ပြည်သူတွေကိုလည်း သိစေချင်တဲ့အတွက် နိုင်ငံရေးအကျိုးအမြတ်တစ်ခုအတွက် ထုတ်ပြန်တယ်လို့ ယူဆပါတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုစာရင်းအား PPNM က အကျဉ်းထောင်(၄၀)ကျော်အား စောင့်ကြည့် ကောက်ယူခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား(၂၀၈)ဦးနှင့် အကျဉ်းသူ(၁၃၁)ဦး စုစုပေါင်း (၃၄၄)ဦးသာ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီက ထုတ်ပြန်သောအရေအတွက်ထက် များစွာလျော့နည်းသည်ကိုတွေ့ရှိရပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်းကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအကျဉ်းသား(၆၀၀)ခန့် လွတ်ပေးခဲ့သည်ဟု ပြောဆိုခြင်းဖြစ်သည်ဟု PPNMက ဖော်ပြသည်။
“ကျွန်တော်တို့ ထောင်ထဲမှာရှိစဥ်ကတည်းက အဲဒီလိုပဲ လွှတ်တိုင်းထုတ်ပြန်နေကြပဲ။ သူက အင်းစိန်က နိုင်ကျဥ်းဘယ်လောက်လွှတ်ပါတယ်ဆိုပြီး ထုတ်ပြန်တယ်။ တစ်ကယ်တော့ အထဲမှာ သူပြောသလောက်မှ မလွတ်ကြတာ။ ဘယ်အကြိမ်ကမှ သူတို့ထုတ်ပြန်ချက်နဲ့ အမှန်တစ်ကယ်လွတ်တာနဲ့က စာရင်းမကိုက်ပါဘူး။ ကွဲလွဲချက် အပေါ်မှာ မြင်တာကတော့ စစ်ကောင်စီဟာ ဘယ်တော့မှ အစစ်အမှန်ကို ထုတ်ပြန်မှာမဟုတ်သလို အမှန်တရား ကိုလည်းလက်ခံမှာ မဟုတ်တဲ့အတွက် စကစနဲ့ညှိနှိုင်းဖို့ ကြိုးစားနေကြတာတွေကိုလည်း သတိကြီးကြီးထားကြဖို့လိုတယ်လို့ ပြောချင်ပါတယ်။”ဟု ထောင်ဝင်စာပို့ကျမယ်အဖွဲ့မှ အဖွဲ့တာဝန်ခံ ကွီးဂဏန်းက Tachileik News Agency ကို ပြောသည်။
အကျဥ်းထောင်အတွင်း၌ရှိသည့် နိုင်ငံရေးကျဥ်းသားများမှာ ၄င်းတို့လွတ်မြောက်ရေးထက် တော်လှန်ရေး အောင်နိုင်ရန်ကိုသာ မျှော်လင့်နေကြသည်ဟုလည်း သူကဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇန်နဝါရီလ(၃)ရက်နေ့ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့အထိ ဖမ်းဆီးခံရသူ(၂၈,၀၉၆)ဦးရှိပြီး ထိုအထဲမှ (၂၁,၄၉၉)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၉၅၈)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo: ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း