ပဲခူးတိုင်း တောင်ငူလေတပ်စခန်းဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Brave Warriors for Myanmar တပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ တောင်ငူ(ကေတုမတီ)လေတပ်စခန်းအတွင်းသို့ (၁၀၇)မမ ရှော့တိုက်ဒုံး(၅)လုံးနှင့် တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို (၁၀၇)မမ ရှော့တိုက်ဒုံး(၄)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ငံတဝန်းတွင် စစ်ရှုံးကောင်စီသည် တိုက်ခိုက်ရေးအတွက် လေတပ်ကို အစွမ်းကုန်တိုးမြှင့်အသုံးချနေသဖြင့် တော်လှန်ရေးအင်အားစုများကလဲ လေတပ်ပြိုဖို့ ပိုမိုကြိုးပမ်းရမည်ဖြစ်သည်။”ဟု Brave Warriors for Myanmar (BWM)အဖွဲ့က ဖော်ပြသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လေတပ်ပြိုလဲရေးလုပ်ငန်းစဥ်၏ မစ်ရှင်တစ်ခုအဖြစ် တောင်ငူလေတပ်စခန်းကို ပစ်ခတ်သည့် ရှော့တိုက်ဒုံး (၅)လုံးအနက် (၃)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး တောင်ငူလေတပ်စခန်းဌာနချုပ်သည် မြန်မာပြည်တစ်ဝှမ်းအရပ်သားပြည်သူများကို ဗုံးကြဲသတ်ဖြတ်ရာတွင် အဓိကအသုံးပြုနေသော လေတပ်စခန်းများထဲမှ တစ်ခုဖြစ်သည်ဟု ထုတ်ပြန်သည်။
ထို့အပြင် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်သည့် ရှော့တိုက်ဒုံး (၄)လုံးအနက် (၂)လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)သည် ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများ နှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို သတ်ဖြတ်ရန် အဓိက အမိန့်ပေးကွပ်ကဲနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။
တိုက်ခိုက်မှုများကို Brave Warriors for Myanmar (BWM)၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်သည်ဟု သိရသည်။
#TachileikNewsAgency
Photo: BWM (ပုံဟောင်း)