စစ်ရေးကြောင့်ပိတ်ထားသည့် ရေဦး-ကလေးဝလမ်းပိုင်းကို တစ်လအကြာတွင် ကလေးခရိုင်ပကဖ ပြန်ဖွင့်

စစ်ရေးကြောင့်ပိတ်ထားသည့် ရေဦး-ကလေးဝလမ်းပိုင်းကို တစ်လအကြာတွင် ကလေးခရိုင်ပကဖ ပြန်ဖွင့်

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် မဟာမြိုင်ဒေသအတွင်း စစ်ရေးကြောင့် ရေဦး-ကလေးဝလမ်းပိုင်းကို ကလေးခရိုင်ပကဖက ပိတ်ထားရာမှ တစ်လအကြာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက်ပိုင်း(၉)နာရီတွင် ပြန်လည်ဖွင့်ပေးလိုက်သဖြင့် ပိတ်မိနေသည့် ကားအစီးရေ (၂၀၀)ဝန်းကျင် စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း ကလေးဝမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။

“ဟုတ်ပါတယ် ဒီနေ့မနက်(၉)နာရီက ဖွင့်ပေးလိုက်တာပါ။ ကွင်းလမ်းမှာ စကစတွေ ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းပြီးသွားလို့ စိတ်ချရတဲ့အနေအထားဖြစ်ပြီမို့ပါ။ ကားအစီးရေ (၂၀၀)ဝန်းကျင်လောက် ပိတ်မိနေတာ။ ကားကြီးတွေ များပါတယ်။”ဟု ကလေးခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရေဦး-ကလေးဝလမ်းပိုင်းရှိ အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းရှိရာ လမ်းမကြီးနှင့် ကွင်းရှောင်လမ်းများအား တိုက်ပွဲဒေသအဖြစ်သတ်မှတ်၍ ပျဥ်းကိုင်းရွာနှင့် (၃)မိုင်ခန့်အကွာမှစကာ ၂၀၂၄ ခုနှစ် ဇွန်လ (၁၇)ရက်နေ့ကတည်းက ဖြတ်သန်းသွားလာမှုများကို ကလေးခရိုင်ပကဖက ပိတ်ထားခဲ့သဖြင့် ရာနှင့်ချီသောကားများ ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

လနှင့်ချီ၍ ပိတ်မိနေသည့် ကားတန်းမှ ကားအစီးရေ (၈၀)ခန့်က ဇူလိုင်လ (၈)ရက်နေ့တွင် ရှေ့ဆက်ထွက်ရန် ကြိုးစားခဲ့သဖြင့် ကားဘီးပစ်ဖေါက်ကာ တားဆီးခဲ့သည့် တော်လှန်ရေးရဲဘော် (၇)ဦးအား ကားသမားများက အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ရာ  ရဲဘော်တစ်ဦး ဒဏ်ရာရကာ ကား (၂)စီးလည်း ပျက်စီးသွားပြီး အုပ်စုဖွဲ့ရိုက်နှက်သည့် ကားသမား (၁၃)ဦးကိုလည်း ပကဖက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

​ရေဦး-က​လေးဝ ကားလမ်း​ပေါ်ရှိ က​လေးဝမြို့နယ်(မဟာမြိုင်​ဒေသ) အောင်ချမ်းသာ စစ်ကောင်စီတပ်စခန်းကို က​လေးဝမြို့နယ် PDF တပ်ရင်း၊ ကလေးဝမြို့နယ်ပကဖ ၊ မင်းကင်းမြို့နယ် PDF တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၄)၊ တပ်ရင်း(၅)၊ မင်းကင်းမြို့နယ် ပကဖ၊ KG drone တပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လဆန်းကတည်းက တိုက်ခိုက်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူအပြင် အင်အားရာနှင့်ချီသော စစ်ကူများဖြင့်ပါ တိုက်ခိုက်နေသဖြင့် ယနေ့အထိ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် အောင်ချမ်းသာစခန်းကို ရှောင်ကွင်းပြီးသွားနိုင်သည့်လမ်း၌ စစ်ကောင်စီတပ်များ မရှိတော့သဖြင့် အဆိုပါရှောင်ကွင်းလမ်းအား မိုင်းရှင်းလင်းပြီး လမ်းဖွင့်ပေးခြင်းဖြစ်သည်ဟု သိရသည်။

“အောင်ချမ်းသာစခန်းမှာတော့ (စစ်ကောင်စီတပ်) ရှိနေသေးတယ်။ ကျန်တဲ့နေရာတွေမှာတော့ မရှိတော့ဘူး။ ဒါကြောင့် အောင်ချမ်းသာစခန်းကို ကွင်းပြီးသွားလို့ရတဲ့လမ်းကနေ ဖွင့်ပေးတာပါ။ တိုက်ပွဲကာလအတွင်းက အဲဒီကွင်းလမ်းကိုပါ စကစ တွေ စိုးမိုးထားတာပါ။”ဟု ကလေးခရိုင်ပကဖ တာဝန်ရှိသူက ဆိုသည်။

ယင်းအပြင် ထိန်းသိမ်းထားသည့် ကားသမား (၁၃)ဦးမှာလည်း ဘေးကင်းစွာရှိနေပြီး ခံဝန်ဖြင့် ပြန်လွှတ်မည်ဖြစ်ကြောင်း ကလေးခရိုင်ပကဖက အတည်ပြုသည်။

“အဲဒီပြဿနာဖြစ်ဖြစ်ခြင်းကတည်းက NUG ကိုတင်ပြထားပါတယ်။ NUG က ကျွန်တော်တို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ပြောထားပါတယ်။ ကျွန်တော်တို့တွေ အခွန်ငွေကြေးကောက်ခံတာမျိုး မရှိပါဘူး။ ဖမ်းဆီးထားတဲ့ ၁၃ ဦးကိုတော့ တပ်ပိုင်းဆိုင်ရာလူကြီးတွေကိုယ်တိုင် ကိုင်တွယ်နေတာပါ။ လုံးဝဘေးကင်းပါတယ်ဗျာ”ဟု ကလေးခရိုင်ပကဖ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်စခန်းကို ရှောင်ကွင်းသွားနိုင်မည့်လမ်းပိုင်းမှ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာချိန်မှစ၍ လမ်းပြန်ဖွင့်နိုင်ရေးအတွက်  မိုင်းရှင်းလင်းခြင်း လုပ်ဆောင်ခဲ့ရာ မိုင်းအလုံး (၄၀)ကျော် ရှင်းလင်းထားခဲ့ပြီး မိုင်းရှင်းလင်းမှုအတွင်း တော်လှန်ရေးတပ်ဖွဲ့မှ ဆိုင်ကယ် (၂)စီး၊ ထွန်စက် (၁)စီးနှင့် ကား (၁)စီးတို့ မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် ဆုတ်ခွာသွားခဲ့ရာလမ်း၌ စစ်ရှောင် (၈)ဦး အသတ်ခံရသည်ဟုလည်း ကလေးပကဖက ဇူလိုင်လ (၁၆)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency