ကယားပြည်နယ် ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လက်တုန့်ပြန် တိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရသည်ဟု Karenni Democratic Front ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့က အာဏာသိမ်းဒုစစ်ခေါင်းဆောင် စိုးဝင်း၏ လွိုင်ကော် ညစာစားပွဲတက်ရောက်နေချိန် တော်လှန်ရေးတပ်များက လက်နက်ကြီးနှင့် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ရှောင်စခန်းကို ဗုံးကြဲခြင်းဖြစ်သည်။
“အဓိကတော့ အဲဒီနားမှာ တိုက်ပွဲတွေမရှိဘူးပေါ့နော်။ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရှောင်စခန်းကို ကြဲတာပေါ့ ။ ကယားပြည်နယ်နေ့ဆိုတော့လေ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းပေါ့နော်။ သူညစာလာစားတဲ့အချိန်မှာ သူတို့ဘက်က တုန့်ပြန်တဲ့အနေနဲ့ပေါ့နော် စစ်ရှောင်စခန်းကို ကြဲသွားတယ်လို့ပဲ ကျွန်တော်တို့ သုံးသပ်ပါတယ်။” ဟု Karenni Democratic Front မှ ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီတပ်သည် နေ့လယ်(၁)နာရီဝန်းကျင်တွင် စစ်ရှောင်စခန်းကို ပေါင်(၂၀၀)ဗုံး (၄)လုံး ကြဲချခြင်းကြောင့် စစ်ရှောင်နေသည့် ညီအမနှစ်ဦးအနီး ကျရောက်ပေါက်ကွဲကာ ပွဲချင်းပြီးသေဆုံးကာ အမျိုးသားတစ်ဦးမှာ ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသည်ဟု သိရသည်။
ဒဏ်ရာရသူများမှာ အသက်(၆၀)အရွယ် အမျိုးသမီးတွင် မျက်နှာထိခိုက်ဒဏ်ရာ၊ အသက်(၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ခြေထောက်နှစ်ဖက်ဒဏ်ရာ၊ အသက်(၆၁)နှစ်အရွယ် အမျိုးသမီးတွင် မျက်နှာဒဏ်ရာနှင့် အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ပေါင်ဒဏ်ရာရရှိထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကယားပြည်နယ်တွင်း စစ်ကြောင်းထိုးရန် လူအင်အား၊ လက်နက်အင်အား စုစည်းနေသည်ဟုလည်း သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:Karenni Democratic Front