မတ္တရာမြို့နယ်အတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသသို့  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က အထိနာ၍ ခွာစစ်ပြန်သုံး

မတ္တရာမြို့နယ်အတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသသို့  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က အထိနာ၍ ခွာစစ်ပြန်သုံး

 စစ်ကောင်စီတပ်က  မန္တလေးနှင့် (၂၁)မိုင်ဝန်းကျင်ဝေးသည့် မတ္တရာမြို့နယ်ကနေ  တော်လှန်ရေးတပ်များထိန်းချုပ်ဒေသကို  စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာ၍ စစ်ကောင်စီတပ်က ခွာစစ်သုံးကာ ပြန်ဆုတ်သွားကြောင်း သိရသည်။



မန္တလေးတိုင်း မတ္တရာမြို့ပေါ်က စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား(၁၀၀)ဝန်းကျင်သည်   ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ 

မန္တလေးမြို့နှင့် အနီးဆုံးဖြစ်နေသော မတ္တရာမြို့နယ်သည် မန္တလေးမြို့မကျရေး စစ်ရေးအရ အရေးကြီးဆုံးဒေသဖြစ် သဖြင့် စစ်ကောင်စီသည် မတ္တရာမြို့နယ်အတွင်း ခုခံစစ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ဒါကြောင့်မို့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေ ထိုးစစ်ဆင်လာတာမျိုးတွေရှိလာတာပါ။”ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီ၏ တပ်မ(၆၆)ပါဝင်သော စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တို့သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ် အနောက်မြောက်ခြမ်း မြွေထိန်ပင်စောက်ကျေးရွာကို  လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည့် ဗီဒီယိုမှတ်တမ်း

တိုက်ပွဲအတွင်း မတ္တရာမြို့နယ် ပကဖနှင့် တပ်ပေါင်းစုများ၏ ခုခံမှုကြောင့် စစ်ကောင်စီတပ်သားနှင့်  ပြည်သူ့စစ်(၃)ဦးသေပြီး (၂၀)ဦးခန့် ဒဏ်ရာဖြင့် မတ္တရာဆေးရုံသို့အရေးပေါ် ပို့ထားရသည်ဟု ဆိုသည်။

“ရန်သူ့သေနတ် (၃)လက်သိမ်းဆည်းရရှိတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကတော့ အခုလက်ရှိမှာ ကျွန်တော်တို့ စီစစ်ဆဲပါ။”ဟု ကိုဘိုတောက်က ပြောသည်။ 



အထိနာသည့် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် (၂)မိုင်ကျော်ဝန်းကျင် ဝေးသော စကျင်ရွာအတွင်းသို့ကျကာ အရပ်သား(၅)ဦးဒဏ်ရာရသည်ဟု သိရသည်။

“မနေ့က ၁၀ နာရီ ၁၅ လောက်မှာ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးကြောင့် စကျင်ကျေးရွာက  ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိတယ်။ အဲဒီပြည်သူ ၅ ဦးထဲမှာ အမျိုးသမီးတစ်ဦး အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဗျ။”ဟု ကိုဘိုတောက်က ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များသည် ယမန်နေ့ကပင် ခွါစစ်သုံးသည့် အနေအထားဖြင့် ပြန်လည်ဆုတ်ခွါသွားသည်ဟု ဆိုသည်။

မတ္တရာမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများသာမက မြေပြင်စစ်ကြောင်းများပါ အင်အားဖြည့်တင်း လာသောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၁)ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်။  

ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာနှင့် မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေသည် ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇန်နဝါရီလ(၂၂)ရက်နေ့တွင် အသိပေးသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်း၊ စဉ့်ကူးမြို့တို့ကို သိမ်းပိုက်ထားပြီး မိုးကုတ်မြို့ကို TNLA နှင့်ပူးပေါင်း သိမ်းပိုက်ထားသည်။