လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သဖြင့် ဖမ်းဆီးထားသူများအား မြို့နယ်ပအဖထံ သက်သေခံပစ္စည်းများနှင့်အတူ ပူးတွဲအပ်နှံ

လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သဖြင့် ဖမ်းဆီးထားသူများအား မြို့နယ်ပအဖထံ သက်သေခံပစ္စည်းများနှင့်အတူ ပူးတွဲအပ်နှံ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) ထံသို့ သက်သေခံပစ္စည်းနှင့်အတူ ပူးတွဲအပ်နှံကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ သက်ဆိုးရှည်စေရန် မတရားပြုလုပ်နေသည့် တရားမဝင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရာ၌  ပါဝင်ပက်သက်နေသည့် လောင်းလုံးမြို့နယ်နေ ထွေအုပ်စာရေး (၁) ဦးနှင့် Non–CDM ဆရာမ (၈) ဦး စုစုပေါင်း (၉) ဦးအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် လောင်လုံးမြို့နယ် ပကဖမှ လမ်းပိုင်းနှင့် နေအိမ်များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၉)ဦးအား ဖမ်းဆီးရာတွင် ထားဝယ်မြို့ပေါ်သို့ သန်းခေါင်စာရင်းကောက်ယူရန်သွားသည့် လမ်းပိုင်း ၊ အပြန်လမ်းပိုင်းနှင့် နေအိမ်များထံတွင် အသီးသီးဖမ်းဆီးခဲ့ပြီး သက်သေအထောက်အထားများနှင့်တကွ ပူးတွဲဖမ်းဆီးထိန်းသိမ်းထားသည့် ပစ္စည်းများအား Video မှတ်တမ်းများ ၊ ဓါတ်ပုံမှတ်တမ်းများနှင့်အတူ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ထို့နောက် (၂၄) နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် လောင်းလုံးမြို့နယ် ပအဖထံသို့ လူနှင့် သက်သေခံပစ္စည်းများအား ပူးတွဲအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူပေးနေသူများနှင့် လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးရမည့် ပါဝင်ပက်သက်သူများအား စာရင်းအတိအကျရရှိထားပြီး ဆက်လက်၍ စစ်ကောင်စီအလိုကျ လုပ်ဆောင်မည်ဆိုပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: LLPDF