ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခါမနောကွင်းအနီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ မနက် (၁၁)နာရီကျော်အချိန်တွင် ဗုံးကြဲချရာ ဒေသခံ(၁၁)ဦး သေဆုံးသည်ဟု ကနဦးသတင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်သည် ဆန်ခါမနောကွင်းအနီးရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ပြီး သေဆုံးသူအများစုမှာ ရေမဆေးကျောက်ရှာဖွေသူများဖြစ်သည်ဟု ဆိုသည်။
“အဲဒီဘက် ဘာမှမရှိဘူး။ လူနေရပ်ကွက်ပဲရှိတာ။ သက်သက်ယုတ်မာတာ။ ရေမဆေးရှာပြန်လာတာ ဆိုင်ကယ်နဲ့ နှစ်ယောက်လုံးသေတယ်။ ကျန်တာတော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီက ဗုံးကြဲချသွားသည့်နေရာများမှာ မဇွပ်ယန်ကျေးရွာ၊ မဇွပ်ယန်ထောင်အနီးနှင့် ဆန်ခါကျေးရွာတို့ကိုဖြစ်သည်ဟုလည်း ဒေသခံတချို့က ပြောဆိုသည်။
“မဇွပ်ယန်ကျေးရွာ၊ ဆန်ခါကျေးရွာနဲ့ တောက်ပကြယ် ကျောက်စိမ်းလုပ်ကွက်တွေဘက်ကို ဗုံးကြဲချသွားတာ။ လူသေဆုံးမှုများတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီလ(၁၁)ရက်နေ့ကလည်း ဟူးကောင်းဒေသ တနိုင်းမြို့နယ်အတွင်းက ရွှေမှော်တစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား (၁၀)ဦးဝန်းကျင် သေဆုံးခဲ့သည်။
#TachileikNewsAgency
#TNA_MAT
Photo:CJ