ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် မြန်မာ ၅၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် မြန်မာ ၅၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်တွင် အလုပ်လုပ်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသော မြန်မာနိုင်ငံသား ၅၀ ဦးကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့က ဖမ်းဆီးရမိသည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ် ဘုရားသုံးဆူဘက်မှတဆင့် ဝင်ရောက်လာကြသူများဖြစ်ပြီး သတင်းအရ စစ်ဆေးရေးဂိတ်ချကာ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါနေ့ ည(၇)နာရီဝန်းကျင်တွင် မြန်မာနိုင်ငံသားများတင်ဆောင်လာသော ကားတစ်စီး ဝင်ရောက်လာကြောင်း ထိုင်းအာဏာပိုင်းများက သတင်းရသဖြင့် စံခလဘူရီရဲတပ်ဖွဲ့က အမှတ်(၃) နောင်လူကျေးရွာလမ်းဆုံ၌ စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးရေးတင်းကြပ်ခဲ့သည်ဟု ဆိုသည်။

စစ်ဆေးနေချိန် ည(၁၁)နာရီဝန်းကျင်တွင် စံခလဘူရီမြို့နယ် အမှတ်(၉) နောင်လူကျေးရွာဘက်သို့ မောင်းနှင်လာသည့် အိမ်စီးကားတစ်စီးအား တားစီးစစ်ဆေးရာ ယာဉ်မောင်းက ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

မြန်မာများတင်ဆောင်လာသည့်ကားကို တောစပ်တစ်‌နေရာ၌ ဖမ်းဆီးရမိခဲ့ပြီး ကားပေါ်တွင် အမျိုးသား(၂၅)ဦးနှင့် အမျိုးသမီး(၅)ဦး တို့ကိုတွေ့ရှိသော်လည်း ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

ယင်းနေ့ည (၁၁)နာရီခွဲအချိန်တွင်လည်း ကန်ချနဘူရီခရိုင် စံခလဘူမြို့နယ် အမှတ်(၈)နောင်လူကျေးရွာဘက်၌ တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် မြန်မာများအားတင်ဆောင်လာသည့် ကားတစ်စီးကို ထိုင်းအာဏာပိုင်များက စစ်ဆေးရာ အမျိုသား(၁၂)ဦးနှင့် အမျိုးသမီး(၈)ဦးတို့ကို ထပ်မံတွေ့ရှိသည်ဟု သိရသည်။ 

ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများကို ကန်ချနဘူရီခရိုင် စံခလဘူရီခရိုင်ရဲစခန်းအတွင်း ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံဥပဒေအရ အရေးယူမည်ဟု သိရသည်။

#TachileikNewsAgency

Photo: Internet