မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အလယ်စုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ကာ အမျိုးသား(၁၅)ဦးအား ဖမ်းဆီးသွားသည်ဟု ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းတွင် အလယ်စုကျေးရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် (၅)လုံးကို မီးရှို့ဖျက်ဆီးပြီး အရပ်သားများကို ရိုက်နှက်ကာ အမျိုးသား (၁၅)ဦးကို ဖမ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။
“နေအိမ်တွေကိုမီးရှို့ပြီး အမျိုးသား (၁၅)ဦးကို ဖမ်းသွားတာ ဟုတ်ပါတယ်။”ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
အသေးစိတ်အခြေအနေကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံစုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။
အကြမ်းဖက်စစ်တပ်က မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကြောင်းထိုး၍ စစ်မှုထမ်းတပ်သားသစ်ရရန် လူငယ်များကို ဖမ်းဆီးခြင်းများ ဆက်တိုက်ဆို လုပ်ဆောင်လာကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များ မဖြစ်မီ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းကျေးရွာ စာသင်ကျောင်းမှ အင်အား(၄၀)ဝန်းကျင်ဖြင့် ကျာက်ကြီးရွာ၊ ညောင်ဂွေးဝရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ညောင်ဂွေးဝရွာ တောင်ဘက်(ဘုရားကုန်း)ရောက်တွင် တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်သည်ဟု သိရသည်။
၎င်းစစ်ကြောင်းသည် ညောင်ဂွေး၀ရွာရှိ ပြည်သူပိုင်ဈေးဆိုင်များ၊ လူနေအိမ်များကို ၀င်ရောက်မွှေနှောက်ဖျက်ဆီးခြင်း၊ ဆိုင်ကယ်(၂)စီး၊ ကားဝပ်ရှော့တစ်ခုအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်သွားပြီး ညောင်ဂွေး၀ရွာမှ တောင်ဖြူရွာသို့ ရှားတောကျေးရွာကိုဖြတ်၍ ကပစ(၂၂)ဂိတ်သို့ ဝင်ရောက်သည်ဟု သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာအတွင်းသို့ မ၀င်ရောက်မီ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်ကြောင်းထိုးသွားရာ ကျေးရွာရှိ ပြည်သူ(၇၀၀၀)ကျော် တိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၂၆)ရက်နေ့ကလည်း ဆိပ်ဖြူမြို့ နှင့် မိုင်(၃၀)ဝန်းကျင်ဝေးသည့် ကင်းမွန်တောင်ရွာကို စစ်ကောင်စီတပ်၏ ဆိပ်ဖြူအခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်ကြီးနှင့်ပစ်ခတ်၍ အမွှာညီအစ်ကို ကလေးငယ် အပါအဝင် မိသားစုဝင် (၅)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့သည်။
#TachileikNewsAgency
#TNA_MAT