TNLA ထံ သတိပေးစာ ပေးပို့ခြင်းနှင့်ပက်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆိုခြင်းမပြု

TNLA ထံ သတိပေးစာ ပေးပို့ခြင်းနှင့်ပက်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆိုခြင်းမပြု

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံ စစ်ကောင်စီအား ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် သတိပေးစာ ပေးပို့ခဲ့ခြင်းနှင့် ပက်သက်ပြီး AFP သတင်းဌာန၏ မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခြင်းမပြုဘဲ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု ပြန်လည်ဖြေဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၉) ရက်နေ့တွင် TNLA ထံ ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီအမည်ဖြင့် တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှုပြီးဆုံးတော့မည်ဖြစ်ပြီး TNLA အနေဖြင့် တိုက်ပွဲများရပ်တန့်ရန်နှင့် ရပ်တန့်ခြင်းမပြုပါက ကြောက်ရွံကျိုးနွံအောင် ဆုံးမသွန်သင်သွားမည်ဖြစ်ကြောင်း သတိပေးစာ ပေးပို့ခဲ့သည်။

ထိုသတိပေးစာတွင် TNLA အနေဖြင့် တိုက်ပွဲများကို ချက်ခြင်းရပ်တန့်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နယ်စပ်ဒေသများတွင် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် ၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်နယ်စပ်ဒေသရှိ အရပ်သားများနှင့် ပြည်တွင်းရှိ တရုတ်ပြည်သားနှင့် လုပ်ငန်းများ လုံခြုံရေးများ အာမခံပေးရန်နှင့်  တရုတ်နိုင်ငံသားများ၏ အသက် ၊ ပစ္စည်းဥစ္စာ လုံခြုံရေးထိခိုက်စေသည့် အန္တရာယ်ရှိသည့် စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

AFP သတင်းဌာန၏ အဆိုပါ သတိပေးစာနှင့် ပက်သက်ပြီး မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေကြောင်း ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

တအောင်းတပ်မတော် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ဦးဆောင်ပါဝင်နေပြီး  စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသည့် စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်တွင် ထိုးစစ်ဆင်မှု ရပ်တန့်ရန် တရုတ်နိုင်ငံမှ သတိပေးစကား ပြောဆိုလာခြင်းဖြစ်သည်။

#TachileikNewsAgency