ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်မှုအဖြစ် မဟာမိတ်တပ်များ မတူပီမြို့ရှိစစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ

ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်မှုအဖြစ် မဟာမိတ်တပ်များ မတူပီမြို့ရှိစစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖော်ဆောင်မှုအဖြစ် Yaw Army(YA) အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ မတူပီမြို့ရှိ စစ်ကောင်စီစခန်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) မှ သတင်းထုတ်ပြန်သည်။

မတူပီမြို့ရှိ စစ်ကောင်စီစခန်းများကို ၂၀၂၄ခုနှစ် ဇွန်လ (၉) ရက်နေ့ မနက်ပိုင်းမှစတင်၍ ချင်းညီနောင်နှင့်မဟာမိတ်များမှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ဇွန်လ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတူပီမြို့ပေါ်တွင် စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ (၃၀၄)၊ ခလရ (၁၄၀)၊ ဗျူဟာကုန်းနှင့် မြို့ပေါ်ရှိထွေအုပ်ရုံးနှင့် ရဲစခန်းတို့တွင် စစ်တပ်မှ အထိုင်ချတပ်စွဲထားပြီး ၂၀၂၄ ခုနှစ် မေလ (၃၀) ရက်နေ့တွင် မတူပီမြို့မြောက်ဘက် (၉) မိုင်ခန့်အကွာရှိ စစ်ကောင်စီတပ်စွဲထားသည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ခဲ့သည်။

မတူပီမြို့နယ်သည် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် ဟားခါးမြို့နယ်၊ တောင်ဘက်တွင် ပလက်ဝမြို့နယ် ၊ အရှေ့ဘက်တွင် မင်းတပ်မြို့တို့နှင့် နယ်နမိတ်ချင်းထိစပ်လျှက်ရှိပြီး မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ခဲ့သည်။

ချင်းညီနောင်အဖွဲ့တွင် ချင်းတော်လှန်ရေးအဖွဲ့များဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်ပြီး စစ်ဆင်ရေးဖော်ဆောင်ရာတွင် တခြားသော မဟာမိတ်တပ်ဖွဲ့များနှင့် အတူပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

#TachileikNewsAgency