ကတိုင်တိတပ်စခန်းသိမ်း တိုက်ပွဲအတွင်း  စစ်ကောင်စီသားများ လက်နက်ခဲယမ်းများကို ဖျက်ဆီးပြီး BGF တပ်နယ်ထဲ ထွက်ပြေး 

ကတိုင်တိတပ်စခန်းသိမ်း တိုက်ပွဲအတွင်း  စစ်ကောင်စီသားများ လက်နက်ခဲယမ်းများကို ဖျက်ဆီးပြီး BGF တပ်နယ်ထဲ ထွက်ပြေး 

 ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန် - ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီ၏ ကတိုင်တိဗျူဟာစခန်းနှင့် ကာကင်းစခန်းတို့ကို သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများကိုဖျက်ဆီးပြီး စစ်ကောင်စီတပ်သားများ BGF တပ်နယ်ထဲ ဝင်သွားသည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က စတင်ပြီး KNU တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်များက ကတိုင်တိ ဗျူဟာစခန်းကို စတင် တိုက်ခိုက်ခြင်းဖြစ်ပြီး စခန်းမကျရေး စစ်ကောင်စီသည် မြိုင်ကြီးငူ၊ ကမမောင်းမြို့တို့မှတဆင့် စစ်ကူများပေးပို့ကာ လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြား အသုံးပြု ခုခံခဲ့သော်လည်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

“ကတိုင်တိ ဗျူဟာကုန်းနဲ့ ကာကင်းတွေကရပြီ။ သူတို့က သယ်ယူလို့မရတဲ့ လက်နက်တွေကို ဖျက်ဆီးသွားတယ်။ ကတိုင်တိရွာ အနောက်ခြမ်းမှာ အကြွင်းအကျန်တချို့ ခုခံနေတယ်။”ဟု KNLA ရှေ့တန်းရောက် ရဲဘော်တစ်ဦးက Tachileik News Agency ကို ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ ကူးဆိပ်၊ မထော၊ တောင်သုံးလုံး၊ ဆင်စွယ်(ထီးကဆောမဲ)စသည့် စစ်ကောင်စီစခန်းလေးခုကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေသည့် ကတိုင်တိစခန်းနှင့် ကမမောင်းအဝင် လုံခြုံရေး စခန်းတို့ကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ကတိုင်တိစခန်းသည် တပ်မ(၄၄)၏ စစ်ဗျူဟာ(၁)စခန်းဖြစ်ပြီး လေကြောင်းပစ်ကူ၊ ဖြည့်စွက်တပ်နှင့် အတူ အပြင်းအထန် ကာကွယ်ခဲ့ခြင်းဖြစ်သည်။

“ကမမောင်း၊ မဲသလွတ်ဘက်က လက်နက်ကြီး ပစ်ကူ၊ လေကြောင်းထိုးကူတွေကြောင့် ထွက်ပြေး အင်အား အတိအကျမသိရပါဘူး။ သူတို့က လည်တယ်။ အစုလိုက်အပြုံလိုက် မဆုတ်ဘူး။ (၁၀)ယောက် ချင်း၊ (၁၅)ယောက်ချင်း ကာပစ်နဲ့ ဆုတ်သွားကြတာ။”ဟု ရှေ့တန်းရဲဘော်က ပြောသည်။

ကတိုင်တိစခန်းသည် ကမမောင်းမြို့နှင့် (၁၄)မိုင်ဝန်းကျင်ဝေးပြီး ကမမောင်းမြို့အဝင် ဂိတ်ကြီးကို ကရင် နယ်ခြားစောင့်တပ်(BGF)က ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီတပ်သားများသည် အဆိုပါနေရာသို့ ဆုတ်ခွါသွားသည်ဟု ဆိုသည်။ 

“အကြွင်းအကျန် နယ်မြေရှင်းလင်းဖို့ ကျန်နေသေး။ ပြီးရင်တော့ တောင်ဘက် (၁၀)မိုင်ဝန်းကျင်က ကမ မောင်းဘက်ရောက်ပါတယ်။ ဒီလောက်ပဲ ပြောနိုင်တာပါ။”ဟု ရှေ့တန်းရဲဘော်က ဆက်ပြောသည်။

တိုက်ပွဲကြောင့် ကတိုင်တိ၊ တံခွန်တိုင်၊ ဝါသို့ခို့၊ ကူးဆိပ်၊ မထော၊ ဖာလိုး၊ ဘောကျို့လယ် စသည့်ရွာများ နှင့် အနီးအနားကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရသည်။