ထီးချိုင့်မြို့ရှိ ဘုန်းကြီးကျောင်းများကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ

ထီးချိုင့်မြို့ရှိ ဘုန်းကြီးကျောင်းများကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ
နိုဝင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်အား စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်းနှင့် လျောင်းတော်မူဘုန်းတော်ကြီးကျောင်းတို့တွင် သီတင်းသုံးနေသော သံဃာတော်များနှင့် အရပ်သားများ သေဆုံးသူရှိကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

ထီးချိုင့်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်များကို ယနေ့နံနက်ပိုင်းကစတင်ကာ တော်လှန်ရေးတပ်များက တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ထိခိုက်သေဆုံးသူကတော့ မသိရသေးဘူး။ ဒေသခံတွေလည်း ထွက်ပြေးနေကြရလို့။"ဟု ‌ထီးချိုင့်ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထီးချိုင့်မြို့ပေါ် ရပ်ကွက်(၂) ဥယျာဥ်ကုန်းရပ်ကွက် ဘောလုံးကွင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘောလုံးကွင်းထောင့်ရှိ အရပ်သားအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသညိ။

တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေး PDF မဟာမိတ်ပူးပေါင်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် ကသာမြို့ရှိ စစ်ကောင်စီတပ် ခမရ(၃၀၉)တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ မြို့တွင်း၌ သွားလာမှု မရှိသလောက်ဖြစ်ခဲ့သည်ဟု သိရသည်။

ထီးချိုင့်၊ ကောလင်း၊ ကသာမြို့အနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ကသာမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ အရာရှိများ ခမရ(၃၀၉)တပ်ရင်းသို့ ပြောင်းရွှေ့နေကြပြီဟုလည်း ကသာမြို့ဒေသခံများထံမှ သိရသည်။

မန္တလေး-မြစ်ကြီးနားလမ်း၊ (၇)မိုင် လမ်းခွဲ-တကောင်း-ထီးချိုင့် လမ်းပိုင်းအား ယနေ့ နိုဝင်ဘာလ (၈)ရက် ညပိုင်းမှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းလည်း တကောင်းပကဖက ထုတ်ပြန်ထားသည်။

#TachileikNewsAgency