စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ဖမ်းဆီးရာတွင် အဓိကသတင်းပေးခဲ့သည့် ရဲအရာခံဝင်းနိုင် ကို မုံရွာမြို့နယ် ပလဖ က ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မုံရွာပင်မသပိတ်ခေါင်းဆောင် ဝေမိုးနိုင်ဖမ်းဆီးခံရမှုတွင် အဓိကသတင်းပေးခဲ့သူ၊ ငွေကြေးချမ်းသာသူများအားပစ်မှတ်ထား၍ ဖမ်းဆီးငွေညှစ်နေသူ၊ NLD လွတ်တော်အမတ် ဦးမောင်တာဦး ဖမ်းဆီးရန် သတင်းပေးခဲ့သည့် ရဲအရာခံ ဝင်းနိုင် ကို ၂၀၂၄ ခုနှစ် မေလ (၁၉)ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းအား မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံ ကိုသီဟနှင့် ရပ်ကျေးပလဖ ဒုတာဝန်ခံ တို့က မုံရွာမြို့အတွင်းထိ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုဝေမိုးနိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့၌ အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေချိန် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့တွင် ဆိုင်ကယ်နှင့် စီတန်းလှည့်လည်နေရာ စစ်ကောင်စီက ကားဖြင့်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် မုံရွာအကျဥ်းထောင်တွင် ထောင်(၅၄)နှစ် ချမှတ်ခံထားရပြီး ၂၀၂၄ ခုနှစ် မေလ(၁၀)ရက်နေ့တွင် မုံရွာထောင်တွင်းတရားရုံးမှ ထပ်မံ၍ ထောင်အနှစ်(၂၀) ချမှတ်လိုက်ခြင်းဖြစ်သည်။
မုံရွာမြို့မှ ရဲနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး ကိုဝေမိုးနိုင်အပါအဝင် ကိုကျော်စွာဝင်း(ခေါ်) ကိုတရုတ်ကြီး၊ ကိုသန်းနိုင်မင်း၊ ကိုကျော်ဆွေဝင်း၊ ကိုရဲမင်းသူနှင့် ကိုကျော်နိုင်ထွန်းတို့ (၆)ဦးကို ထောင်အနှစ် (၂၀)စီ ထပ်မံချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency
Photo : မုံရွာမြို့နယ် ပလဖ