မိုးမိတ်နှင့် မိုးကုတ်တို့ရှိ တပ်စခန်း ၄ ခုကို TNLA သိမ်း

မိုးမိတ်နှင့် မိုးကုတ်တို့ရှိ တပ်စခန်း ၄ ခုကို TNLA သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄)ခုကို TNLA က ယ‌နေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ကြောင်း TNLA ထံမှ သိရသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော သရက်တောစခန်းနှင့် မိုင်တိုင် (၆)တပ်စခန်းတို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့တွင်ပင် TNLA သည် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း မိုင်တိုင် (၅)စခန်းနှင့် ယောမူးစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ သဲခေါ်ရွာသို့ ဘန့်ဘွေးအခြေစိုက် စစ်ကောင်စီတပ်မှ အတွဲလိုက်ဒုံး (၃၁)လုံးနှင့် ဒရုန်းဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၁)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် တော့ဆန်ရွာကိုလည်း စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၁)ကြိမ်၊ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ် မန်ကတ်စခန်းကလည်း နားဆောင်ရွာသို့ လက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီမှ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၆)ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ရွှေတောင်ဦးရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သရက်တောဘုန်းကြီးကျောင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးတစ်ပါး ဒဏ်ရာပြင်းထန်စွာရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News