စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ် (၆)နှစ် မတရားအမိန့်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်  ဒေါက်တာ ခလမ်ဆမ်ဆွန်တို့  ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒေါက်တာ ခလမ်ဆမ်ဆွန်တို့ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်
စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ် (၆)နှစ် မတရားအမိန့်ချ

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၃ခုနှစ်၊ ဧပြီလ (၇) ရက်တွင် ထောင်ဒဏ် (၆)နှစ် မတရားအမိန့်ချလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ ဆေးကုသွားရန် ပြင်ဆင်နေချိန်တွင် မတရား ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ 

လက်နက်အားကိုးဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင်  KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံသည်ဟု ဆိုကာ ပုဒ်မ ၁၇(၁)ဖြင့် လည်းကောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့ကို သွားရောက်တွေ့ဆုံသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)ဖြင့် လည်းကောင်း၊ အာရှနိုင်ငံအတွင်း လူငယ်ဆွေးနွေးပွဲတစ်ခုတွင်‘ခရစ္စတော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့’ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောမှုကို နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)လည်းကောင်း ပုဒ်မ အသီးသီးဖြင့် အမှုဖွင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။ 

ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လည်လွှတ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ပေ။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)တွင် အတွင်းရေးမှူးအနေဖြင့် (၈) နှစ်၊ ဥက္ကဋ္ဌ အနေဖြင့် (၄)နှစ် တာဝန်ထမ်းဆောင်ခဲ့သော သိက္ခာတော်ရဆရာတော်တစ်ပါးဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေး၊ ပညာသင်ကြားနိုင်ရေး၊ နေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့်  တွေ့ဆုံခွင့်ရခဲ့စဉ် စစ်တပ်၏ ဖိနှိပ်မှုအကြောင်း ပြောဆိုခဲ့သဖြင့် တရားစွဲဆိုခံရပြီး နောက်ပိုင်းတွင် အမှုကို စစ်တပ်ဘက်က ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။