'ဗုဒ္ဓဘာသာ ဘင်လာဒင်' ဟု ခိုင်းနှိုင်းခံရသည့် ဘုန်းကြီးဝီရသူကို စစ်အုပ်စုက ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်

'ဗုဒ္ဓဘာသာ ဘင်လာဒင်' ဟု ခိုင်းနှိုင်းခံရသည့် ဘုန်းကြီးဝီရသူကို စစ်အုပ်စုက ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်
ဇန်နဝါရီ 4, 2023 | 2021 Military Coup| အခြားဒေသများ

 

မြန်မာနိုင်ငံတွင် ဘာသာရေးမုန်းတီးမှုများ လှုံ့ဆော်ဖန်တီးမှုကြောင့် နိုင်ငံတကာသတင်းမီဒီယာများက 'ဗုဒ္ဓဘာသာ ဘင်လာဒင်' 'Buddhist bin Laden' ဟု အယ်လ်ကေဒါအကြမ်းဖက်အုပ်စုခေါင်းဆောင် အကြမ်းဖက်သမား အိုစမာဘင်လာဒင်နှင့် ခိုင်းနှုန်းကြသည့် ဘုန်းကြီးဝီရသူကို အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတွင်း‌ ၎င်း၏ ဆောင်ရွက်မှုများကို ဂုဏ်ပြုမှုဟုဆိုကာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ကြောင်း AFP သတင်းက ဖော်ပြသည်။

ဘုန်းကြီးဝီရသူမှာ  ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အာဏာသိမ်း စစ်အုပ်စုက ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သူ ရာဂဏန်းအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ 

ဇန်နဝါရီလ (၃) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘုန်ကြီးဝီရသူကို "သီရိပျံချီ" ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့ကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောသည်။

မြန်မာနိုင်ငံတွင် လူအများအပြား သေဆုံးခဲ့သည့် ဘာသာရေးဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Time မဂ္ဂဇင်းက ဘုန်းကြီးဝီရသူကို နာမည်ဆိုးဖြင့် ကျော်ကြားသူ တစ်ဦးအဖြစ် ရည်ညွှန်းလျက် "The Face of Buddhist Terror" ဟု သုံးနှုန်းကာ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ထုတ် မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြခဲ့ရာ ကမ္ဘာတဝန်း ဗုဒ္ဓဘာသာအပေါ် ရှုမြင်မှုကို ထိခိုက်စေခဲ့သည်။

ဘုန်းကြီးဝီရသူက မွတ်စလင်မ်လူမျိုးများ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်နှင့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်မ်များ လက်ထပ်ထိမ်းမြားခြင်းကို ကန့်သတ်ရန် လှုံ့ဆော်တိုက်တွန်းခဲ့သည်။ ဝီရသူ၏ လှုံ့ဆော်မှုများကြောင့် ဘာသာမတူကြသည့် လူမှုအသိုင်းအဝိုင်းနှစ်ခုကြား မလိုမုန်းထားမှုများ ကြီးထွား လာစေခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများက ထောက်ပြကြသည်။

၎င်း၏ လှုံ့ဆော်တိုက်တွန်းမှုများက ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်အတွက် ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး‌ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာမွတ်စလင်မ်များကို နှိပ်ကွပ်သတ်ဖြတ်မှုကြီး လုပ်ဆောင်ရန် အခြေခံအကြောင်းတရားလည်း ဖြစ်ခဲ့သည်။ 

ထိုစဥ်က မြန်မာစစ်တပ်၏ နှိပ်ကွပ်သတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ (၇၄၀,၀၀၀) ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး ယခုအချိန်အထိ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

ဒေါ်‌အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် ဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည်။ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်‌နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဘုန်းကြီးဝီရသူကို စွဲဆိုထားသည့် စွဲချက်များကို ရုပ်သိမ်းကာ အကျဥ်းထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ထိုနှစ် စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက ကြေညာခဲ့သည်။



Source:    AFP