ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်

ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်းရှိ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းမှ ကြားဖြတ်တိုက်ခိုက်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် တော်ပေါ်ကြို့ကုန်းအုပ်စု မကျီးစမ်းရွာမှ သိမ်ကျောင်းကျေးရွာဘက်သို့ အင်အား(၄၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် ဇွန်လ (၁) ရက်နေ့ နေ့လယ် တစ်နာရီခွဲခန့်တွင် ပြင်ကြီးရွာနှင့် ကျောက်ကြီးတောင်ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းမှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ခွဲထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၂ တပ်ရင်း တပ်ခွဲ (၄) မှ မိုင်းကွင်းထဲအရောက် နေ့လယ် (၁) နာရီ (၄၅) မိနစ်ခန့်တွင် ပဒေသာမိုင်းကြီး (၃)လုံးဆွဲ၍ တိုက်ခိုက်ခဲ့ပြီး၊ ယင်းနေ့ ည (၉) နာရီခန့်တွင် ဓာတ်မီးထိုး၍ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PPDF အဖွဲ့မှဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ပေါင်းတည်မြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency