မိုးကုတ်မြို့တွင် စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါ ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မိုးကုတ်မြို့တွင် စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါ ၂ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် အတွဲလိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁)ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာပြင်းထန်ရရှိသည်ဟု TNLA ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ ည(၉)နာရီက မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှနေ၍ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်မချယ်ရီရပ်ကွက်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ရာ အရပ်သားနေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၇)နှစ်အရွယ် ကလေးတစ်ဦးနှင့် ယာအိမြတ်မွန် အသက် (၄၀)နှစ် တို့ ထိမှန်သေဆုံးသွားသည့်အပြင် လွေးသိမ့်သီင်္ဂီအေး၊ လွေးဆုမြတ်ဆန်ဒီ၊ ဒေါ်ခင်စိန်၊ ဦးဝင်းကျော်သူခိုင်နှင့် ဒေါ်ဖြူဖြူမွန်တို့ ဒဏ်ရာရရှိသည်ဟု သိရသည်။

TNLA မှ ဇူလိုင်လ (၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်တာ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလ (၂)ရက်အတွင်း အရပ်သား (၃)ဦး သေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲ (၂၂)ရက်အတွင်းတွင် စစ်ကောင်စီမှ အရပ်သားများကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၆၉)ဦး သေဆုံးပြီး (၁၁၁)ဦး ထိခိုက်ဒဏ်ရာရရှိထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News