မြင်းခြံမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့၏ လှုပ်ရှားနယ်မြေအတွင်းသို့ စစ်ကောင်စီ ထိုးစစ်ဆင် တိုက်ခိုက်

မြင်းခြံမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့၏ လှုပ်ရှားနယ်မြေအတွင်းသို့ စစ်ကောင်စီ ထိုးစစ်ဆင် တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြိုနယ်အတွင်းရှိ မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း စစ်ကြောင်း (၃) လှုပ်ရှားနယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်းက ထိုးစစ်ဆင်တိုက်ခိုက်ကြောင်း Myingyan Black Tiger (MBT) က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ်ရှိ တော်လှန်ရေးတပ်များ လှုပ်ရှားနယ်မြေကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ည(၈)နာရီဝန်းကျင်တွင် လေကြောင်းမှ စတင်တိုက်ခိုက်ပြီးနောက် မြေပြင်မှ ထိုးစစ်ဆင်လာရာ နှစ်ဖက်တပ်ဖွဲ့အကြား (၃)ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၅)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ Drone (၂)စီးကိုလည်း ပစ်ချနိုင်ခဲ့ပြီး တစ်စီးကို သိမ်းပိုက်ရရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ 

(၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လေကြောင်းမှ (၁၅)ကြိမ်ထက်မနည်း ဗုံးအလုံး (၁၀၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး MBT တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများအား ကားများဖြင့် မြင်းခြံဆေးရုံသို့ သယ်ဆာင်သွားပြီး ဒဏ်ရာရ ပျူစောထီးနှစ်ဦးအား မိတ္ထီလာဆေးရုံသို့ သယ်ဆောင်သွားသည်ဟုလည်း ထုတ်ပြန်သည်။ 

တိုက်ပွဲအတွင်း MBT တပ်ဖွဲ့ဘက်မှ ခဲယမ်းပျက်တောက်မှု ဖြစ်ပေါ်လာသောကြောင့် ပထမ ခုခံစစ်ဖြစ်သည့် ကွမ်းစိုက်ကျေးရွာမှ ဆုတ်ခွာပေးခဲ့ရပြီး ယခုလက်ရှိအချိန်အထိ နှစ်ဘက်စစ်ရေး တင်းမာနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ကူရွာကျေးရွာမှ အရပ်သား(၃)ဦးနှင့် ကွမ်းစိုက်ကျေးရွာမှ အရပ်သားတစ်ဦးတို့အားသတ်ဖြတ်ခဲ့ပြီး ကွမ်းစိုက်ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု MBTက ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: Myingyan Black Tiger (ပုံဟောင်း)