အာဏာသိမ်းစစ်တပ်က ကန့်ဘလူမြို့နယ် ကံကြီးရွာကို နံနက်အစောပိုင်းတွင် မီးဝင်ရှို့ပြီး အရပ်သားများကို ဖမ်းဆီး

အာဏာသိမ်းစစ်တပ်က ကန့်ဘလူမြို့နယ် ကံကြီးရွာကို နံနက်အစောပိုင်းတွင် မီးဝင်ရှို့ပြီး အရပ်သားများကို ဖမ်းဆီး
ဇန်နဝါရီ 7, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကံကြီးရွာ အရှေ့ပိုင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ နံနက်အစောပိုင်းက ဝင်ရောက်၍  နေအိမ်များ မီးရှို့၊ ပစ်ခတ်မှုများလုပ်၍ ရွာအရှေ့ပိုင်း၊ အနောက်ပိုင်းမှဒေသခံများ တိမ်းရှောင်နေကြရပြီး ဖမ်းဆီးခံရသူအချို့လည်း ရှိနေကြောင်း သိရသည်။

တိမ်းရှောင်ရသည့် ဒေသခံများ

အရှေ့ရွာ ဝင်မွှေတော့ အနောက်ရွာရော ဝင်မှာစိုးလို့ လင်းခါနီးမှ ထွက်ပြေးနေကြရတာ။ ကံကြီးအရှေ့က ၂၂ ယောက်လောက် ဖမ်းသွားတယ် ကြားတယ်။ မိသာားစုတစ်စုတော့ အကုန်လုံးဖမ်းသွားတယ်။ မနက် (၄) နာရီလောက် မိုးတောင်မလင်းသေးဘူး အလစ်ဝင်လာတာ။ လက်နက်ကြီး ၃ ချက်လောက်နဲ့ သေနတ်သံလည်း ၁၀ ချက်လောက်ကြားတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တိမ်းရှောင်ရသည့် ဒေသခံများ

အာဏာသိမ်းစစ်တပ်သည် ကံကြီးရွာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ကလည်း ဝင်ရောက်စီးနင်းပြီး နေအိမ်များ မီးရှို့ဖက်ဆီးခြင်း၊ အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုပစ္စည်းများ ခိုးယူသွားခြင်းများ လုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းစစ်တပ်သည် မြို့ရွာများကို ဝင်စီး၍ လူနေအိမ်များ မီးရှို့ခြင်း၊ ပစ္စည်းများ ယူငင်၊ ဖျက်ဆီးခြင်း၊ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်ခြင်းစသည့် ကျင့်ဝတ်မဲ့သည့်လုပ်ရပ်များကို အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအနှံ့အပြားတွင် လုပ်နေသည်ကို တွေ့ရသည်။