ဆေးရုံ၊ ဆေးခန်းပေါင်း (၇၀၀)ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေး‌နေဟု NUG ထုတ်ပြန်

ဆေးရုံ၊ ဆေးခန်းပေါင်း (၇၀၀)ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေး‌နေဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက (၃)နှစ်အတွင်း ဆေးရုံ၊ ဆေးခန်းနှင့် ရွေ့လျားဆေးခန်းပေါင်း (၇၀၀)ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။

 ၂၀၂၁ ခုနှစ် ဧပြီလ (၁၆)ရက်နေ့မှ  ၂၀၂၄ ခုနှစ် ဧပြီလ (၁၆)ရက်အတွင်း ဆေးရုံ(၇၇)ရုံ၊ ဆေးခန်း(၃၇၇)ခုနှင့် ရွေ့လျားဆေးခန်း (၂၅၀)ခု စုစုပေါင်း (၇၀၄)ခုတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ကဏ္ဍတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ခွဲစိတ်ခြင်းနှင့် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပြီး ပဏမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေး အဖြစ် ပြင်ပလူနာ (ဆေးခန်း၊ ရွေ့လျားဆေးခန်း)၊ မိခင်၊ ကလေးနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ (TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံခြင်း၊ အာဟာရဖွံ့ဖြိုးခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၄ ခုနှစ်အထိ ပြင်ပလူနာ(၁,၁၅၈,၃၇၇) ဦး၊ အသေးစားနှင့် အကြီးစား ခွဲစိတ်မှုပေါင်း (၄၀,၁၆၉)ကြိမ်၊ လူနာလွှဲပြောင်း ပို့ဆောင်မှု(၄၁၄၀)ကြိမ် လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ယခုဖော်ပြထားသော အချက်အလက်များမှာ ကျန်းမာရေး ဆေးရုံ ၊ ဆေးခန်း(၇၀၀)ကျော်အနက် (၂၂၁)ခုထံမှ ပေးပို့သည့် သတင်းအချက်အလက်ဖြစ်ပြီး မြေပြင်တွင် အမှန်တကယ်ကုသမှုခံယူခဲ့သော လူနာအရေအတွက်သည် (၃)ဆကျော် ပိုမိုများပြားနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: NUG