ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် သတ်ဖြတ်ခံရသည့်ကိစ္စ ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရေး အပူတပြင်း လုပ်ကိုင်ဆောင်ရွက်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ (၁၄)ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကံကြီးတောရွာ လုဒ်မယ်တော်သခင်မဘုရားကျောင်း၌ မန္တလေးဂိုဏ်းချုပ် သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် သတ်ခံရမှုအပေါ် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ဘုန်းတော်ကြီး သတ်ဖြတ်ခံရသည့် သတင်းကြောင့် ရွှေဘိုခရိုင်တပ်ရင်း (၅) နှင့် တိုက်နယ် ပကဖများပူးပေါင်း၍ သံသယတရားခံ(၁၀)ဦးကို နေ့တွင်းချင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လတ်တလော စုံစမ်းချက်အရ သံသယတရားခံများသည် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှဖြစ်ပြီး NUGက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနှင့်အ ညီအရေးယူသွားမည်ဟု ဆိုသည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေပြီဟုလည်း ဆိုသည်။
NUG အနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာရှုတ်ချသည်ဟု ဆိုသည်။
ထို့အပြင် ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု ဆိုသည်။
ဘုန်းတော်ကြီးသည် မည်သည့်အတွက်ကြောင့် သတ်ခံရသည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိပါ။
#TachileikNewsAgency