အာဏာသိမ်းစစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည့် အာရက္ခတပ်တော်(AA)အား ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (၄)ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့သည်။
ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ(PNFC)၊ မွန်ပြည်သစ် ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး(NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့က ပူးတွဲပေးပို့ခြင်း ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြာမီကာလတွင် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် AA ၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွန်းသတ္တိကို သဝဏ်လွှာဖြင့် ဂုဏ်ပြုသည်ဟုလည်း ဖော်ပြသည်။
စစ်အာဏာရှင်စနစ်အောက်မှ ပထမဆုံး လွတ်မြောက်မည့် ရခိုင်ပြည်၏ အလားအလာကောင်းများနှင့်အတူ ရခိုင် ပြည်လွတ်မြောက်ရေးတွင်သာ ရပ်တန့်မနေဘဲ တနိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားလူ မျိုးအသီးသီး၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် AA ၏ နိုင်ငံရေး အမြင်ကျယ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း ဂုဏ်ယူသည်ဟု ဆိုသည်။
ပူးတွဲသဝဏ်လွှာတွင် "တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံး မလွတ်မြောက်နိုင်၊ အားလုံး လွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်။ ယခု အောင်ပွဲသည် ရက္ခိုင်ပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည် ဟု ခံယူထားသည့်အတွက် အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲ ဝင်ကြလျက်ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
အာရက္ခတပ်တော်(AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်း အောင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် လည်း သဝဏ်လွှာပေးပို့ထားသေးသည်။
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အရှင်ဖမ်းမိသည့် စစ်သုံ့ပန်းများတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့လည်း ပါဝင်သည်။