မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ စခန်းချတပ်စွဲထားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က မြို့နယ် NLD ပါတီရုံးအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း မြိုင်ပကဖထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့က စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် အမှတ်(၃)စာသင်ကျောင်း၊ ဘူတာရုံနှင့် ကိုးဆောင်ကျောင်းဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေချိန်တွင် စစ်ကောင်စီတပ်စွဲထားသော အမှတ်(၃)စာသင်ကျောင်းနှင့် ဘူတာရုံမှ စစ်ကောင်စီတပ်သားများသည် ကိုးဆောင်ကျောင်းဂိတ်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး မဟာမိတ်အဖွဲ့များမှ စစ်ကောင်စီတပ်စွဲထားသော ကိုးဆောင်ကျောင်းဂိတ်အား အနီးကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲမှာ မိနစ်(၃၀)ဝန်းကျင်ကြာမြင့်ခဲ့ပြီးနောက် မဟာမိတ်အဖွဲ့များမှ ရဲဘော်များ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ရာ (၁)နာရီအကြာတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက မြို့နယ် NLD ပါတီရုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)၊ (၂)နှင့် Earthquake People's Defence Forceတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency