လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်နှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်နှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

၎င်းတို့သည် လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးရုံးမှ ပြန်လာရာ Golden Valley Worrier တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ပစ်ခတ်ခံရခြင်းကြောင့် ကျော်သူဝင်း (ခ) ရွှေမန်းမှာ ဝဲရင်ဘတ်ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ဝဲလက်ဖဝါး ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ(၂)ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု သိရသည်။ 

၎င်းတို့သည် လှိုင်သာယာမြို့နယ်မှ လူငယ်များကို စစ်ကောင်စီတပ်ထံ စစ်မှုထမ်းရန် အမည်စာရင်းပေးသူများဖြစ်သည်ဟုလည်း ဆိုသည်။ 

ကျော်သူဝင်း (ခေါ်) ရွှေမန်းသည် ၂၀၂၃ ခုနှစ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာပြီးနောက် စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ Convenience Store များနှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ရရှိထားသည်။

#TachileikNewsAgency