မြန်မာနှင့်တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များရှိနေ၍ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ရည် သိုလှောင်ရုံ (Liquefied Natural Gas - LNG Terminal)တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲရန် တရုတ်နိုင်ငံ၏ နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလွင် က ပြောဆိုသည်။
တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်း China National Petroleum Corporation(CNPC) နှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တိုးချဲ့တည်ဆောက်ခြင်း ၊ စီမံကိန်းများအတွက် လိုအပ်သည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိနိုင်ရေး၊ သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲရေးနှင့် မြန်မာ-တရုတ် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ စွမ်းရည်အပြည့် အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးကိုကိုလွင်က ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများ တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများအား ပြောဆို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
#TachileikNewsAgency