မင်းလှတွင် PDF စခန်းတစ်ခု ဝင်စီးခံရပြီး ရဲဘော်နှစ်ဦးကျဆုံး ကားနှင့် ဆိုင်ကယ် အစီး ၃၀ ကျော်ဖျက်ဆီးခံရ

မင်းလှတွင် PDF စခန်းတစ်ခု ဝင်စီးခံရပြီး ရဲဘော်နှစ်ဦးကျဆုံး ကားနှင့် ဆိုင်ကယ် အစီး ၃၀ ကျော်ဖျက်ဆီးခံရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရကာ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ဆိုင်ကယ်နှင့် ကား အစီး(၃၀)ကျော် ဖျက်ဆီးခံရကြောင်း သိရသည်။

ပဲခူးရိုးမ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဇာမဏီတံတားအနီးရှိ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)၏ ယာယီစခန်းကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇွန်လ(၁)ရက်နေ့က ဝင်ရောက်စီးနင်းသွားခြင်းဖြစ်သည်ဟု သိရသည်။

"ဇာမဏီချောင်းထဲမှ စစ်ကြောင်းထိုး တက်လာတဲ့ စကစများနဲ့ နေ့လယ် (၁၂)နာရီ (၂၀)မိနစ်လောက်မှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်းမှာ ရဲဘော်(၂)ဦး ကျဆုံးခဲ့ရတာပါ။ "ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)က ဆိုသည်။

အဆိုပါထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများအပြင် ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး PDF တပ်များဘက်က ကျည်နှင့် ခဲယမ်း မလုံလောက်မှုကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်ဟု သိရသည်။

ဆုတ်ခွာပေးလိုက်ရသည့် စခန်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ရဲဘော်များအသုံးပြုသည့် ဆိုင်ကယ်အစီး(၃၀)နှင့် ရိက္ခာသယ်ကား (၂)စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

ဇွန်လ (၂)ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း သဗြုချောင်းတံတားအနီး၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို  သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) ဗျူဟာစစ်ကြောင်းနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် တပ်ရင်း (၃) တပ်ခွဲ (၃)တို့က ကြားဖြတ်တိုက်ခိုက်သည်ဟု သိရသည်။

"စောင့်ကြိုတိုက်ခိုက်ခဲ့တာ အပြန်အလှန် ပစ်ခတ်မှု တစ်နာရီလောက် ကြာတယ်။ စစ်ကောင်စီဘက်က (၇)ဦး သေတယ်။ အများအပြား ဒဏ်ရာရသွားတယ်။"ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ရန် ထောက်ပံ့ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)