စစ်ကြောင်းပေါင်းစုံ ပူးပေါင်းပြီး ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ စတင်နေပြီဖြစ်၍ ပြည်သူများ၏ စစ်ရေးအထောက်အပံ့များ လိုအပ်

စစ်ကြောင်းပေါင်းစုံ ပူးပေါင်းပြီး ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ စတင်နေပြီဖြစ်၍ ပြည်သူများ၏ စစ်ရေးအထောက်အပံ့များ လိုအပ်
အောက်တိုဘာ 21, 2022 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို  Lion Battalion Commando ဗျူဟာစစ်ကြောင်း၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွဲနေကြောင်း ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကော့ကရိတ်မြို့ကို မိတ်ဘက် တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲ  စတင်ဆင်နွဲနေပြီဖြစ်ကာ မြို့ပြအနီးကပ် တိုက်ပွဲဖြစ်သည့်အတွက် တိုက်ပွဲဝင် ရဲဘော်များအတွက် ကျည်ကာ အပါအဝင် စစ်ရေးအထောက်အပံ့ ပစ္စည်းများလည်း လိုအပ်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

လက်ရှိတွင် ကော့ကရိတ်မြို့တွင် နံနက်အစောပိုင်းကစပြီး တိုက်ပွဲများပြင်းထန်နေပြီး အာဏာသိမ်းစစ်အုပ်စုဘက်က လေကြောင်းဖြင့်ပါ တိုက်ခိုက်လာကြောင်း သိရသည်။

ခလရ(၉၇)၏ ပစ်ခတ်သည့် မော်တာကျည်များ အပါဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေရပ်ကွက်များအပေါ် လက်နက်ကြီး ကျည်များကျရောက်ပြီး အရပ်သား(၁)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းများပါ ထိခိုက် ပျက်စီးခဲ့ရသည်ဟု ကနဦး သိထားရသည်။

၎င်းတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းနှင့် ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings အစရှိတဲ့ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိမှာ မြို့ပတ်ပတ်လည်ကို KNLA နှင့် ပူးပေါင်းအဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းနှင့်လှည့်နေပြီဖြစ်သည်ဟုလည်း ဆိုသည်။

" ကော့ကရိတ် ထောင်ကိုလည်း ဖွင့်လိုက်နိုင်ပြီး ဖြစ်ပါတယ်။ အားလုံးလဲ လွတ်သွားကြပြီး ပူးပေါင်းတိုက်ပွဲဝင် နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က  အထိနာနေလို့ ရန်ကုန်မှော်ဘီ လေတပ်က  လေယာဥ် (၂)စင်းနဲ့ ပစ်ကူတာ တွေလုပ်နေပါတယ်။"ဟု ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီဘက်က လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် လက်ရှိအခြေအနေထိ ကော့ကရိတ်ဆေးရုံကြီးတွင် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရ လူ (၁၀)ဦးကျော်ခန့်နှင့် ကလေးသူငယ် (၆)ဦးခန့်ရှိနေပြီး လူမှုကယ်ဆယ်ရေးကားများလည်း ဆက်တိုက်ဝင်ထွက်နေကြောင်း သိရသည်။

#TachileikNewsAgency