စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် လက်တွဲကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆) နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ သည် အခက်အခဲ ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက်ရှိကာ ပြည်ထောင်စုအတွင်းရှိ ကျန်လူမျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ဝလူမျိုးတို့သည်လည်း ခက်ခဲကြမ်းတမ်းသည့် အတိတ်သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသလို ယနေ့ကာလတွင် မြန်မာနိုင်ငံ၏ တခြားသောနေရာဒေသများ၌ လူမျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ဖွံဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရေရှည်တည်တန့်အောင် ထိန်းသိမ်းရေးမှာ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများ အတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေးနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုးတို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးပြောဆိုသည်။
တရုတ်နိုင်ငံမှ တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံရေးထူထောင်ခြင်းမပြုရန် ဖိအားပေး တားမြစ်မှုများ ရှိနေချိန်တွင် ၊ အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် လက်တွဲကြိုးပမ်းဆောင်ရွက်ရန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: "၀" ပြည်ငြိမ်းချမ်းရေး(၃၅)နှစ်မြောက်အခမ်းအနားမှ ပုံရိပ် (ပုံဟောင်း)