ပေါက်မြို့နယ်တွင် ပြည်သူ့စစ် ၃ ဦးကိုဖမ်းမိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အရပ်သားတချို့ဒဏ်ရာရ

ပေါက်မြို့နယ်တွင် ပြည်သူ့စစ် ၃ ဦးကိုဖမ်းမိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် အရပ်သားတချို့ဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(၃)ဦးကို တော်လှန်ရေးတပ်များက ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့်ပစ်ခတ်ခြင်းကြောင့် နေအိမ်များပျက်စီးကာ ဒေသခံတချို့ ဒဏ်ရာရကြောင်း သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့က ပေါက်မြို့နယ် တရော်ကိုင်းအနောက်ဘက်တွင် ရိက္ခာရှာရန်ထွက်လာသည့် ပြည်သူ့စစ်(၃)ဦးအား ပေါက်မြို့နယ် ဇုံ(၁၀)၊ ပလဖ၊ ပကဖ၊ ထီးလင်း၊ PDF ပူးပေါင်းတပ်များက ဖမ်းဆီးရာ ပြည်သူ့စစ် ဇေယျာဦးဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

နိုဝင်ဘာလ (၂၀)ရက်နေ့တွင်လည်း ပေါက်မြို့နယ် ရွှေဘုံသာကျေးရွာမှ ပြည်သူ့စစ်နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ (၂၁)ရက်နေ့ ည(၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပေါက်မြို့အနီးမှ (၁၂၂)မမ လက်နက်ကြီးဖြင့် (၇)လုံး ပစ်ခတ်ရာ ဇီးဖြူကုန်းကျေးရွာအနီးသို့ နှစ်လုံးကျ ရောက်ပေါက်ကွဲကြောင်း သိရသည်။

ထို့အပြင် နံနက်(၁၂)နာရီခွဲတွင် ခွေးတွင်းကျေးရွာအတွင်းသို့ တစ်လုံးနှင့် ရွာအနီးသို့ တစ်လုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကာ နေအိမ်တစ်လုံး ပျက်စီးကြောင်း သိရသည်။

နံနက်(၁)နာရီတွင် မြေခြားကျေးရွာအနီးသို့ နှစ်လုံးကျရောက်ပေါက်ကွဲကာ အရပ်သား တစ်ဦး ဒဏ်ရာရပြီး လက်နက်ကြီတစ်လုံးမှာ ပေါက်ကွဲခြင်းမရှိဟု ဆိုသည်။

နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်တွင် ပေါက်မြို့နယ် ကပစ(၂၄)မှ ၈၁ မမ လက်နက်ကြီးဖြင့် (၃)ချက်ပစ်ခတ်ရာ ပလောင်းကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo:ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့