ကျားဖြန့်တိုက်ဖျက်ရေး ရွှေကုက္ကိုလ်တွင် BGF က ဝင်ရောက်စီးနင်းခြင်းများစတင် 

ကျားဖြန့်တိုက်ဖျက်ရေး ရွှေကုက္ကိုလ်တွင် BGF က ဝင်ရောက်စီးနင်းခြင်းများစတင် 

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဌာချုပ် ရွှေကုက္ကိုလ်တွင် စစ်ဆေးဖမ်းဆီးခြင်းများအား ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် စတင်နေပြီဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများကို BGF အနေဖြင့် အစီအစဉ်(၃)ခုဖြင့် ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ပြီး ပထမဆုံးအနေဖြင့် လူမှောင်ခိုကူးခံရသူများအား နေရပ်ပြန်လိုသူများကို ဦးစားပေးပြီး ဖော်ထုတ်သွားမည်ဟု ဆိုသည်။

“အဓိက‌တော့ တစ်ခန်းဝင်၊ တစ်ခန်းထွက် လူတွေပိတ်လှောင်ထားခြင်း ရှိ၊ မရှိ။ တချို့တွေကလည်း နေရပ်ကို ပြန်ချင်တယ်။ တချို့တွေကလည်း အကြွေးတွေရှိတယ်။ အဲဒါတွေကတော့ ကျွန်တော်တို့နားမလည်ဘူး။ ကျွန်တော်တို့သိတာက ပြန်ပို့ဖို့ပဲ။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကိုပြောသည်။

BGF အနေဖြင့် လူမှောင်ခိုကူးခံရသည့်သူများအား နေရပ်ပြန်လိုသူများကို နံပါတ်တစ်ဦးစားပေးအစီအစဉ်၊ နံပါတ်နှစ်အစီအစဉ်တွင် အွန်လိုင်းလိမ်လည်လုပ်ငန်းများကို ဖျက်သိမ်းခြင်းနှင့် အဆိုပါလုပ်ငန်းမှလူများအား သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ခြင်းနှင့် တတိယအဆင့်တွင် အွန်လိုင်းလိမ်လည်မှု၌ ပါဝင်နေသည့်  ကွန်ပျူတာဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

“အရင်ကတည်းက ပိတ်သိမ်းအရေးယူထားတာ (၃)၊ (၄)ခုရှိတယ်။ အခုကတော့ ပိတ်သိမ်းတယ်ဆိုတာထက်ကို အဆောက်အဦးက ငှားရမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြို့ပြလူနေမှုပုံစံစနစ်ပြန်ပြောင်းမှာပေါ့။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနေခြင်းဖြစ်သည်။ 

“ကျွန်တော်တို့က ဟန်ပြမလုပ်ဘူး။ ဒီတစ်ခါ တကယ်လုပ်ပြမှာ။ သိသိသာသာလုပ်ပြမှာ။ ကျွန်တော်တို့က ဖောရှောမလုပ်ဘူး။ ဒီတစ်ခါတော့ ထင်သာမြင်သာ ထိထိရောက်ရောက်ကိုလုပ်မှာ။ ပြတ်ပြတ်သားသားလုပ်မယ်။ ဒီရက်ပိုင်းအတွင်းမှာ နေရာအစုံကို ဝင်စီးမယ်။ ဒီအဖွဲ့တွေ ဖွဲ့ပြီးတော့မှ။ အဓိက ဟိုဘက်က လက်ခံဖို့အဆင်သင့် မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာလည်း ထားရတာ နည်းနည်းအခက်အခဲဖြစ်တယ်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဖြေကြားထားသည်။ 

BGF အနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအတွက် အဖွဲ့(၃)ဖွဲ့နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့တို့ကို ဖွဲ့စည်းလိုက်ကာ ထိုင်းနိုင်ငံနှင့်လည်း ညှိနှိုင်းနေသည့်အပြင် အဓိကကျသည့် ငွေလိမ်ဂိုဏ်းများ၊ လူမှောင်ခိုလုပ်သည့်နေရာများကို ဝင်စီးမည်ဖြစ်ပြီး နယ်စပ်တလျောက်ကိုလည်း လုံခြုံရေးတင်းကြပ်မည်ဟုလည်း ဆိုထားသည်။ 

#TachileikNewsAgency