ရေကြီးနေသည့်ပဲခူး၌ လူငယ်တစ်ဦး လမ်းပေါ်တွင် ဓာတ်လိုက်သေဆုံး

ရေကြီးနေသည့်ပဲခူး၌ လူငယ်တစ်ဦး လမ်းပေါ်တွင် ဓာတ်လိုက်သေဆုံး

ပဲခူးတိုင်း ပဲခူးမြို့ ရှင်စောပုရပ်ကွက် (၃၂)လမ်းထိပ် အထက(၁)ကျောင်းရှေ့တွင် ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့ နေ့လယ်ပိုင်းက လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ရေမြင့်တက်နေသည့် ပဲခူးမြို့တွင် မီးဖြတ်ထားသော်လည်း မြေအောက်ဓာတ်ကြိုးများတွင် လျှပ်စစ်စီးနေရာက အသက်(၂၀)နှစ်အရွယ်ဝန်းကျင် လူငယ်တစ်ဦး ဓာတ်လိုက်ပြီး သေဆုံးခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

“မီးကတော့ဖြတ်ထားပါတယ်။ အဲဒီနားမှာက မြေအောက်ဓာတ်ကြိုးတွေရှိတော့လေ စီးနေတာလား မသိဘူးဗျ။ ကျန်တဲ့သူတွေလည်း ဖြတ်သွားနေကြတာပါပဲ။ ကောင်လေးက စက်ဘီးလေးနဲ့ မျက်စိရှေ့တင် ဓာတ်လိုက်သွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သေဆုံးသည့် လူငယ်အား ဝါးလုံးနှင့်ထိုးပြီး အလောင်းကိုယူဆောင်ခဲ့ကြရပြီး မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးပါ။

“Ambulance ကားက လာသယ်သွားတယ်ဗျ။ ဘယ်သူမှ အနားမကပ်ရဲဘူးလေ။ ၀ါးလုံးနဲ့ထိုးပြီး Body ရွှေ့ရတာ ။ ကျွန်တော်တို့တွေ့တော့ ကောင်လေးကအသက်မရှိတော့ဘူး။ အဲဒီလမ်းက လူတွေတောက်လျှောက်သွားနေကြတာပဲ။ စက်ဘီးဆိုတော့ လျှပ်စစ်စီးသွားလားမသိဘူး။ ဖြစ်တာက ဓာတ်မီးတိုင်ဘေးပဲ။”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိမြစ်ရေမှာ ဆက်လက်မြင့်တက်နေပြီး ကျောက်ကြီးစု၊ ဇိုင်းမြောက်၊ ဇိုင်းတောင်၊ ကလျာနီ၊ မဇင်း စသည့် အပိုင်းများတွင် ရေမြင့်တက်နေခြင်းကြောင့် သဲအိတ်များဖြင့် ကာရံထားရပြီး ပဲခူး-ရန်ကုန်၊ ရန်ကုန်-မန္တလေး လမ်းလည်း ကားများသွားလာမရသေးဟု သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိနေသောကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေများဝင်ရောက်သဖြင့် ကယ်ဆယ်ရေးစခန်း(၁၀)ခုအထိဖွင့်ထားရသည်ဟု သိရသည်။

#TachileikNewsAgency