မြန်မာများ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု စံချိန်တင် မြင့်တက်

မြန်မာများ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု စံချိန်တင် မြင့်တက်

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း စံချိန်တင် မြင့်တက်လာသည်။



၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုမှာ ၂၀၂၃ ခုနှစ်တွင် ဝယ်ယူခဲ့သည့် စုစုပေါင်း အရေအတွက်ကို ကျော်လွန်ခဲ့ပြီး စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။



၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားများက စုစုပေါင်း ဘတ် (၃.၂၄) ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများကို ထိုင်းနိုင်ငံတဝန်းတွင် ဝယ်ယူခဲ့ကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ အစီရင်ခံစာက ဆိုသည်။



အဆိုပါ ကိန်းဂဏန်းမှာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် မြန်မာနိုင်ငံသားများ ဝယ်ယူခဲ့သည့် ဘတ် (၃.၇) ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း (၅၆၄) ခန်းထက် ကျော်လွန်သွားခဲ့ပြီး စံချိန်တင် အမြင့်ဆုံး ဖြစ်လာကြောင်း သိရသည်။



ထိုင်းနိုင်ငံတဝန်း မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ်တွင် စတင် မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ထိုနှစ်အတွင်း ဘတ် (၂.၅၅) ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း (၃၄၉) ခန်းကို မြန်မာများက ဝယ်ယူခဲ့ကြသည်။



၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသားများက ဘတ် (၂၇၄) ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း (၃၀) မျှသာ ဝယ်ယူခဲ့ကြရာမှ ဝယ်ယူမှုများ ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင်မူ စံချိန်တင်သည်အထိ မြင့်တက်လာသည်။



"နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူမှုမှာ မြန်မာနိုင်ငံသားတွေက ၂၀၂၂ ခုနှစ်မှာ ပထမဆုံးအကြိမ် ထိပ်တန်း ၁၀ စာရင်းဝင်ခဲ့တယ်။ အရင်နှစ်တွေမှာ တစ်နှစ်ကို ကွန်ဒိုတိုက်ခန်း (၂၀) ကနေ (၂၅) ခန်းလောက်ပဲ မြန်မာတွေ ဝယ်ခဲ့ကြတယ်" ဟု REIC ၏ ယာယီ ညွှန်ကြားရေးမှူးချူပ် Vichai VIratkapan က ပြောသည်။



၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသားများက တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသားများပြီးလျှင် ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု အများဆုံး နံပါတ် (၆) နေရာ၌ ရပ်တည်ခဲ့သည်။



ကွန်ဒိုတိုက်ခန်း တန်ဖိုးအရဆိုပါက မြန်မာနိုင်ငံသားများက တရုတ်နှင့် ရုရှားပြီးလျှင် တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင် ၂၀၂၂ ခုနှစ်တွင် နံပါတ် (၃) နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။



၂၀၂၃ ခုနှစ်တွင်လည်း မြန်မာများ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှု ဆက်လက်မြင့်တက်ခဲ့ပြီး တရုတ်၊ ရုရှားနှင့် အမေရိကန်တို့၏နောက် နံပါတ် (၄) နေရာ၌ ရပ်တည်ခဲ့သည်။



ထိုနှစ်တွင်လည်း မြန်မာနိုင်ငံသားများက တရုတ်နှင့် ရုရှားပြီးလျှင် တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင် နံပါတ် (၃) နေရာ၌ပင် ဆက်လက် ရပ်တည်ခဲ့ကြောင်း သိရသည်။



ယခု ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင်မူ မြန်မာနိုင်ငံသားများက ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ အရေအတွက်အရနှင့် တန်ဖိုးအရ (၂) ခုလုံးတွင် ရုရှားနိုင်ငံသားများကို ကျော်တက်ပြီး နံပါတ် (၂) နေရာ၌ ရပ်တည်လာသည်။



ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၌ ရုရှားနိုင်ငံသားများမှာ တရုတ်ပြီးလျှင် နံပါတ် (၂) နေရာတွင် နှစ်အတန်ကြာ ရပ်တည်လာခဲ့ခြင်း ဖြစ်သည်။



အာဏာသိမ်း မြန်မာစစ်အုပ်စုက မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုကို ၂၀၂၄ ခုနှစ် ဧပြီလတွင် ထိန်းချုပ်လာခဲ့ရာ ထိုနှစ်၏ ဧပြီလမှ ဇွန်လအထိ ဒုတိယ သုံးလပတ်အတွင်း ဝယ်ယူမှု လျော့ကျခဲ့သည်။



၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုမှာ တန်ဖိုးအားဖြင့် ဘတ် (၁) ဘီလီယံရှိ ကွန်ဒိုတိုက်ခန်း (၂၄၆) ခန်းကို ဝယ်ယူခဲ့ကြောင်းနှင့် ပထမ သုံးလပတ်အတွင်း ဘတ် (၂.၂) ဘီလီယံ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်း (၃၉၂) ခန်း ဝယ်ယူခဲ့ရာမှ လျော့ကျသွားခြင်း ဖြစ်သည်။



အိမ်ခြံမြေလုပ်ငန်းမှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ၂၀၂၄ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း မြန်မာများ ကွန်ဒိုဝယ်ယူမှု လျော့ကျသွားခြင်းမှာ မြန်မာနိုင်ငံတွင် ငွေအလွှဲအပြောင်း စည်းမျဥ်းများ ပိုမိုတင်းကျပ်လိုက်ခြင်းကြောင့်သာမက ထိုင်းနိုင်ငံ၏ အခြေအနေကြောင့်လည်း ဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံ၏ မြေယာဌာနက နိုင်ငံခြား ငွေလွှဲပြောင်းမှုများ FET (foreign exchange transcatons) နှင့် ပတ်သက်၍ ပိုမိုတင်းကျပ်လာသည်ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။



"FET မရှင်းလင်းဘူးဆိုရင် ငွေလွှဲပြောင်းတာကို ရပ်ဆိုင်းထားမှာပါ။ မြေယာဌာနရဲ့ ဒီလုပ်ဆောင်မှုက မြန်မာနိုင်ငံသားတွေ ငွေလွှဲပြောင်းမှုကိုသာ မဟုတ်ဘဲ တရုတ်တွေကိုလည်း အလားတူပဲ ဖြစ်ပါတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။



REIC ၏ စာရင်းအရ ၂၀၂၄ ခုနှစ်၏ ဒုတိယ သုံးလပတ်တွင် နိုင်ငံခြားသားများ ထိုင်းနိုင်ငံတဝန်း ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ အရေအတွက်အားဖြင့် ယခင် ကာလတူကထက် (၆.၂) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး (၃,၃၄၂) ခန်းကို ဝယ်ယူခဲ့ကြပြီး စုစုပေါင်း တန်ဖိုးအားဖြင့်လည်း (၁၇.၇) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ဘတ် (၁၄.၈) ဘီလီယံ ဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency

Source: Bangkok Post