ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သွင်းပြီး ပစ်ခတ်မှုဖြစ်၍ တစ်ဦးသေ

ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်သွင်းပြီး ပစ်ခတ်မှုဖြစ်၍ တစ်ဦးသေ
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့ ည (၇)နာရီဝန်းကျင်က ဗုံးပစ်သွင်းခံရကာ ပစ်ခတ်ခံရမှုကြောင့် (၁)ဦးသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဒေသခံများထံမှ သိရသည်။

အုပ်ကြီးနဲ့ သူ့သားပါတယ်။ ထိတာ (၄) ယောက် အနည်းဆုံးပဲ။ ရုံးမှာစောင့်နေတဲ့ သူတွေထိတယ်လို့ ကြားတယ်။ ဗုံးကရုံးထဲကို ဗုံးပစ်ခံရတာ။

ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရပ်ကွက်ရုံးကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ဗုံးပစ်သွင်းခံရခြင်းဖြစ်သည်ဟု အနီးဝန်းကျင်နေထိုင်သူအချို့က ပြောကြားပြီး ထိခိုက်ဒဏ်ရာရသူများကို မြောက်ဥက္ကလာ မေဓာဝီဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။

ထည့်တာ ချက်ကောင်းထိသွားတဲ့ ပုံပဲ။ လဲကျနေကြတာ အများကြီးပဲ။ ရပ်ကွက်ဆေးရုံတောင် မနိုင်လို့ မေဓာဝီကို ခေါ်သွားရတယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်သည့်‌နေရာကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေပြီး အမှတ် ၁၈ ရပ်ကွက်နှင့် ၁၃ ရပ်ကွက်တွင်လည်း ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါရုံးတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့ ညပိုင်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးကြောင်း သိရသည်။