အာဏာသိမ်း စစ်ခေါင်းဆောင်က NLD နာယက ကို နေအိမ်အရောက် သွားတွေ့

အာဏာသိမ်း စစ်ခေါင်းဆောင်က NLD နာယက ကို နေအိမ်အရောက် သွားတွေ့
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ နာယကဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးကို စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်ရှိ နေအိမ်သို့သွားတွေ့ပြီး သွားရောက် ဂါဝရသွားပြုသည်ဟု အာဏာသိမ်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဘဘဟာ အသက်အရွယ်လဲ အလွန်ကြီးရင့်နေပြီးတော့ လေဖြတ်ထားသူတစ်ဦးဖြစ်တဲ့အတွက် လမ်းလဲ မလျောက်နိုင်တော့သလို စကားလဲ မပြောနိုင်တော့ပါဘူး။ အဲ့ အတွက် ဘဘအနေနဲ့ အိမ်အထိ လာရောက် တွေ့ဆုံသူကို ငြင်းပါယ် မရတဲ့ အခြေအနေနဲ့ လက်ခံ တွေ့ဆုံလိုက်ရပေမဲ့ စကားတော့ ပြန်ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘဘရဲ့ မိသားစုဝင်တစ်ဦးဆီက ကြားသိချက်အရ ဘဘ ဦးတင်ဦးက လက်ရှိကာချုပ်ကို ပင်နီတိုက်ပုံဝတ်ပြီးတော့မှ လက်ခံတွေ့ဆုံခဲ့တယ်လို့ ကြားသိရပါတယ်။ ဒါက လေဖြတ်ထားလို့ စကားမပြောနိုင်တော့တဲ့ ဘဘက သူ့ရဲ့စိတ်သဘောထားရပ်တည်ချက်ကို ပင်နီတိုက်ပုံဝတ်ပြီး ပြသလိုက်တာလို့ဘဲ မေချိုကတော့ ယူဆ ပါတယ်ရှင့်

ဟု NLD နာယက ဦးတင်ဦး၏ မြေးဖြစ်သူက လူမှုကွန်ယက်မှတစ်ဆင့် အသိပေးထားသည်။

နေအိမ်သို့ ရောက်လာသည့် ဏာသိမ်းစစ်ခေါင်းဆောင်အား လေဖြတ်ဝေဒနာကြောင့် စကားမပြောနိုင်ဖြစ်နေသည့် NLD နာယက ဦးတင်ဦးက NLD ၏အမှတ်အသားဖြစ်သည့် ပင်နီအင်္ကျီဝတ်၍ တွေ့ဆုံခဲ့သည်ဟုသိရပြီး ကျန်းမာရေးအခြေအနေကို သွားရောက်မေးမြန်းခြင်းဖြစ်သည်ဟု အာဏာသိမ်းအဖွဲ့သတင်းပြန်ကြားရေးက သတင်းမီဒီယာအချို့သို့ ဖြေကြားထားသည်ကို တွေ့ရသည်။ 



 

ယင်းအပြင် စစ်အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် SSC ဆေးရုံတွင် ကုသမှုခံယူနေသည့် ဗိုလ်ကလေးတင့်အောင်ကိုလည်း သွားတွေ့ခဲ့သည်ဟု သိရသည်။

ရွေးကောက်ခံ NLD အစိုးရအဖွဲ့အား ဖမ်းဆီးကာ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်က NLD ပါတီစတင်တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ပါတီဥက္ကဌဟောင်းတစ်ဦးလည်းဖြစ်ပြီး လက်ရှိ ပါတီ နာယကကြီးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း  သူရဦီးတင်ဦီးကို ရန်ကုန်ရှိ နေအိမ်သို့သွားတွေ့သည့်နေ့မှာပင် အာဏာသိမ်းစစ်တပ်က ရန်ကုန်လူထုသပိတ်ကို အနောက်မှ စစ်ကားဖြင့်ဝင်တိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။