ဂန့်ဂေါမြို့နယ်တောင်ပိုင်း စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်မှုအတွင်းမှ ထွက်ပြေးလာသည့် ရဲတစ်ဦးကို YPDF ဖမ်းမိ

ဂန့်ဂေါမြို့နယ်တောင်ပိုင်း စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်မှုအတွင်းမှ ထွက်ပြေးလာသည့် ရဲတစ်ဦးကို YPDF ဖမ်းမိ
By Tachileik News Agency

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယမန်နေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေကာ လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ ထွက်ပြေးလာသည့် ရဲတစ်ဦးကိုလည်း ဖမ်းဆီးရမိကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲအင်အားအချို့ပါ ပါဝင်သည့် စစ်ကြောင်း အိမ်သစ်ကျေးရွာအနီး ရောက်ချိန်တွင် ‌ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၊ KKG၊ နဂါး ညီနောင်အဖွဲ့ ၁ ပ.က.နှင့် Gangaw PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲချိန် နှစ်နာရီကျော်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း ရှေ့ပြေးကင်းထောက်တက်လာသည့် စစ်ကောင်စီတပ်သားများကို YPDF ရဲဘော်များက လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့ခြင်းကြောင်း အာဏာသိမ်းစစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကြောင်း သိရသည်။

ထိုနောက် YPDF ရဲဘော်များက လက်နက်ကောက်ယူရန်သွားစဉ် နောက်မှတက်လာသည့် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

တိုကိပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နွားကျောင်းနေသည့် ဒေသခံတစ်ဦးသေဆုံးခဲ့ရကာ ဝါးခုတ်သွားသည့် ခေါက်ခုရွာမှ ဒေသခံ သားအဖနှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။