ဖယ်ခုံမြို့ ကုန်းပေါရွာကို စစ်ကောင်စီလက်နက်ကြီးနှင့်ပစ်ခတ်၍ ကလေးနှစ်ဦးအပါ အရပ်သား ၆ ဦးသေဆုံး

ဖယ်ခုံမြို့ ကုန်းပေါရွာကို စစ်ကောင်စီလက်နက်ကြီးနှင့်ပစ်ခတ်၍ ကလေးနှစ်ဦးအပါ အရပ်သား ၆ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ် အင်းအရှေ့ကမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ်(၂)ဦးအပါအဝင် အရပ်သား (၆)ဦး သေဆုံးရကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ် အင်းအရှေ့ကမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခြင်းဖြစ်ပြီး (၆)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်က စစ်ရှောင်တွေရှိတဲ့ ကုန်းပေါရွာကို ပစ်ခတ်တာ လသားအရွယ်ကလေးနဲ့ မိခင်ဖြစ်သူ ထိပြီး သေဆုံးတယ်။ ဈေးရောင်းနေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးလည်း ဦးခေါင်းပြတ်ပြီး သေဆုံးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးသူများထဲတွင် တစ်လသားအရွယ် မိန်းကလေးတစ်ဦး၊ တစ်နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦး၊ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၄၀)အရွယ် အမျိုးသားတစ်ဦးနှင့် ပျောက်ဆုံးနေသူတစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

ဒဏ်ရာရသူများမှာ အသက်(၂၀)အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၄)အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၁၂)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။

“မနေ့ညက ဖယ်ခုံအရှေ့ဖက်ကမ်းကရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးနှစ်ဦးအပါ အရပ်သား(၆)ဦးသေတယ်။ တစ်ဦးကတော့ အစအန ရှာမတွေ့ဘူး။”ဟု ဒေသခံတစ်ဦးက ထပ်မံအတည်ပြုသည်။

ထို့ပြင် ယနေ့ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဖယ်ခုံအင်းအနောက်ခြမ်းမှနေ၍ လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်ရာ ရွှေကယန်းစားသောက်ဆိုင်သို့ ကျရောက်ပြီး အရပ်သားတစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်ကို ရှမ်းတောင်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာနေပြီး နိုဝင်ဘာလ(၂၆)ရက်နေ့က လွိုင်ကော်မြို့နယ်၊ လင်းဖုံလေးရွာအနီး၌ တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မ(၆၆)လက်အောက်ခံ ခလရ(၈၀)တပ်ရင်းမှ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး (၅)ဦးကို အရှင်ဖမ်းမိကာ လက်နက်(၂၂)လက် သိမ်းဆည်းရရှိသည်ဟု KNDF က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

လွိုင်ကော်မြို့အစပ်တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်နေသည်ဟု KNDF က အသိပေးထားသည်။

#TachileikNewsAgency

Photo: CJ